ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄

အင်းလေး‌ဒေသတောင်ပိုင်းရှိ မြေပေါင်ရွာတွင် ရေကြီးရေလျှံမှုကြောင့်ဒေသခံများနေအိမ် ရေနှစ်မြှုပ်သွားပြီး မြေပေါင်ဘုန်းကြီးကျောင်းတွင်တက်ရောက်ခိုလှုံကြပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အောက်တိုဘာလ(၁)ရက်နေ့တွင် မြေပေါင်ကျောင်းဆရာတော်ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ယာဂီမုန်တိုင်းဒဏ်ကြောင့် အင်း‌ရေပြင်ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများရေဘေးကြုံတွေ့နေကြရပြီး အင်းတောင်ပိုင်း မြေပေါင်ဘုန်းကြီးကျောင်းရောက် ရေဘေးသင့်ပြည်သူ(၄၀၀)နီးပါးအတွက် စားနပ်ရိက္ခာအရေးပေါ်လိုနေသည်။

“အခုဦးဇင်းကျောင်းမှာဆိုရင် လူအကုန်လုံးက(၃၀၀)ကျော် (၄၀၀)နီးပါးလောက်ရှိတယ်၊ အိမ်ထောင်စုကတော့ (၁၅၇)စုပေါ့၊ လိုအပ်ချက်တွေကတော့ ပြောလို့မရအောင်ပဲအရမ်းများတယ် အခုလောလောဆယ်တော့ အဓိကကစားနပ်ရိက္ခာတွေပေါ့ တစ်ချို့ကနေအိမ်အကုန်လုံးရေမြှုပ်ပျက်စီးသွားတာဆိုတော့ စားနပ်ရိက္ခာပြတ်လပ်မှုတောင်ဖြစ်တယ်”ဟု မြေပေါင်ကျောင်းဆရာတော်က ခမ်းသားငေါဝ်းကိုမိန့်ကြားလိုက်သည်။

ယခုလက်ရှိအင်းလေးဒေသတွင် ရေကဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နေအိမ်များသည်လည်း ဆိုးဆိုးရွားရွားရေမြှုပ်နေသေးကြောင်းဆရာတော်ကပြောသည်။

“အခုမိုးကလည်းရွာနေသေးတယ် တောင်ပေါ်ကရေတွေလည်းကျလာနေသေးတာဆိုတော့ ဒီရေကပြန်ကျဖို့ အနဲဆုံး(၃)လလောက်တော့ခန့်မှန်းထားတယ် တာမဲ့မပြောတတ်ဘူး ဒီမှာလည်းလူတွေစုပြုံပြီးရောက်လာကြတော့ အဆင်ပြေသလိုပဲနေထိုင်စားသောက်နေကြရတယ်”ဟု ဆရာတော်ကဆက်ပြောသည်။

အင်းလေးဒေသတွင် ဖုန်းလိုင်းအင်တာနက်လိုင်းများလည်း ပြတ်တောက်မှုရှိသည့်အတွက် ဆက်သွယ်ရေးပိုင်းတွင်လည်း အခက်အခဲဖြစ်နေကြောင်းသိရသည်။

မြေပေါင်ဘုန်းကြီးကျောင်းသည် အင်းတောင်ပိုင်းဒေသတွင်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေသည့် စံကားအင်းဒေသနှင့် မနီးမဝေးတွင်ရှိသည့်အတွက်ကြောင့် အလှူရှင်များလာရောက်မှုလည်းနည်းပါးကြောင်း အလှူရှင်များလှူဒါန်းလိုပါက မြေပေါင်ကျောင်းဆရာတော် (၀၉-၄၀၄၃၉၈၈၆၄/ ၀၉-၆၈၇၆၃၂၃၀၁)ထံတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV007
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ယာဂီမုန်တိုင်းဒဏ်
#အင်း‌ရေပြင်ရေကြီးရေလျှံမှုဖြစ်
#ဒေသခံများရေဘေးကြုံတွေ့နေကြရ
#အင်းတောင်ပိုင်းမြေပေါင်ဘုန်းကြီးကျောင်း
#စားနပ်ရိက္ခာအရေးပေါ်လိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7