ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၅၊ ၂၀၂၄
ရပ်စောက်မြို့နယ် အင်တောမြို့အနီးတွင် တခြားဒေသမှတောင်ယာလာစိုက်ပျိုးလိုပါက SSPP/SSA ထံတွင် ထောက်ခံချက်လက်မှတ်စာရွက် လုပ်ဆောင်ရပြီး တစ်လ ၄ ထောင်ကျပ်ပေးဆောင်ရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောအနီးတဝိုက်တွင် တခြားဒေသမှတောင်ယာစိုက်ပျိုးလိုပါက SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီထံတွင် လူတစ်ဦးလျှင် ထောက်ခံချက်လက်မှတ်စာရွက်ကို ၁၅ ရက်တစ်ကြိမ်လုပ်ဆောင်ရပြီး တစ်ကြိမ် ၂ ထောင် တစ်လ ၄ ထောင်ပေးဆောင်ရသည်။
“အင်တောထဲကလူဆိုရင်တော့ လက်မှတ်ယူစရာမလိုဘူး အဝေးကခြံဝယ်ထားတဲ့သူတွေ၊ ခြံငှားတဲ့သူတွေ သူတို့ပေးတဲ့စာရွက်ကို ခြံသွားတဲ့အခါအမြဲဆောင်ရတယ် မှတ်ပုံတင် လိုမျိုးသူတို့စစ်တဲ့အခါ အချိန်မရွေးပြနိုင်အောင်လို့ မိသားစုဝင်ငါးယောက်စလုံး အာ့မှာလာပြီးတောင်ယာလုပ်မယ်ဆိုရင် တစ်လနှစ်သောင်းအာလိုပေါ့” ဟုဒေသခံတစ်ဦးကပြောသည်။
တောင်သူများက လက်မှတ်မယူလျှင် SSPP/SSA ကစစ်ဆေးသည့်အခါ RCSS/SSA အဖွဲ့ကဟုဆိုကာ ဖမ်းဆီးခြင်းခံရမည်စိုးရိမ်ကြပြီး လက်မှတ်ယူနေရကြောင်း သိရသည်။
“လက်မှတ်မလုပ်ရင် အကျား(RCSS)အဖွဲ့ကလားဆိုပြီးစွပ်စွဲပြီး ဖမ်းမှာကြောက်ကြတယ် ဘယ်လက်နက်ကိုင်မဆိုကြောက်ဖို့ကောင်းတယ် သူတို့ဖမ်းပြီးပြန်လွတ်လာတဲ့ သူကြီးဆိုရင် တော်တော်လေးစစ်ဆေးမြေးမြန်း ရိုက်ထားတဲ့ပုံပဲ အိမ်မှာတောင်မနေရဲတော့ဘူး စကားတောင်သိပ်မပြောတော့ဘူး ခြံမှာပဲအနေများတော့တယ်” ဟု ၎င်းကဆက်ပြောသည်။
နောက်ဒေသခံတစ်ဦးကလည်း “ကျန်တဲ့သူကတစ်ညပဲဖမ်းခေါ်မေးမြန်းပြီး မနက်လိုပြန်လွတ်တယ် သူကတော်တော်ကြာမှပြန်လွတ်တာ တော်တော်လေးနိစ္စက်ခံထားရတဲ့ပုံပဲ သူသမီးတွေကလည်း ဓာတ်ပုံတွေတွဲရိုက်ထားတာတွေရှိတော့ သမီးကိုတော့မဖမ်းဘူး တစ်လတောင်မရှိသေးဘူး ဆေးဆိုင်ဖွင့်တဲ့အမျိုးသမီးတစ်ယောက်လည်း RCSS/SSA နဲ့အဆက်သွယ်ရှိတော့ မိန်းကလေးလည်းမညှာဘူး အရိုက်ခံရတယ် အာ့ကြောင့်လက်မှတ်လုပ်ကြတယ်” ဟု ဒေသခံကပြောသည်။
ယခင်က အင်တောမြို့တွင် RCSS/SSA က နေရာယူထားပြီး ဇူလိုင်လ ၁ ရက်တွင် SSPP/SSA ရှိရာသို့သွားပြီး ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် SSPP/SSA မှအင်အားအလုံးအရင်းဖြင့် ဆင်းလာခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားကာ RCSS/SSA ကဆုတ်ခွါသွားပြီး ရပ်ကွက် ၁ ရွာသူကြီးအိမ်တွင် တည်းခိုခဲ့ရာ စစ်ပစ္စည်းတချို့တွေ့ရှိခြင်းကြောင့် ရွာသူကြီးအပါအဝင် အမျိုးသားအားလုံးကို ဇူလိုင်လ ၂ ရက်ညတွင် SSPP/SSA ကဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
PPV001
ဓာတ်ပုံ-Google
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#အင်တောမြို့အနီး
#တောင်ယာစိုက်သူများ
#SSPP/SSA
#SSPPP/SS
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။