ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊၂၀၂၄

ကရင်နီပြည်ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် စက်တင်ဘာ၁၁ ရက်ညပိုင်းအချိန်ကရင်နီဆေးသင်တန်အပတ်စဥ် ၂ ဆေးသင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရကြောင်း(KNDF)ဗဟိုက ဒီကနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း၌ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်း ပြုလုပ်နေစဉ် ရေချောင်းတခုကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာမှ မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆေးသင်တန်းတက်နေတာ အလောင်းအကုန်လုံး မရသေးဘူး၊ ကိုယ့်အသိထဲ့ ရဲမေတစ်ဦးလည်းပါသွားတယ်” နီးစပ်သူအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရေထဲမျောပါသွားသည့်ရဲဘော် ၁၈ ဦးတွင် ရဲမေ ၈ ဦး၊ ရဲဘော် ၁၀ ဦး ပါဝင်ကြောင်းသိရသည်။

အဆိုပါဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏ လိုအပ် ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ် ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရပါသည်ဟု ပြောဆိုထား သည်။

ယင်းမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည် ဟု ဖော်ပြထားသည်။

ထို့အတူ တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသည့်လူ့အရင်းအမြစ်များနှင့် တော်လှန်ရေးရည်မှန်းချက်များကို မဆုတ်မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှားအနည်း ဆုံးဖြစ်ရန် ဆက်လက်ကြိုးပမ်းသွားကြမည်ဟုလည်း KNDF(ဗဟို)၏ ထုတ်ပြန်ချက်အရ သိရသည်။

photo credit

#ppv002
#သဘာဝဘေး
#KNDF
#တောင်ကျရေ
#ကရင်နီ
#ဆေးသင်တန်းသား

Leave a Reply

Your email address will not be published. Required fields are marked *