ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊ ၂၀၂၄

ရှမ်းတောင်တွင် မြေပြို၊ ရေကြီးနေပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရခြင်းကြောင့် ပြည်ပရောက်လူငယ်များ မိသားစုဝင်နှင့်ဆက်သွယ်မရနေပဲ စိတ်ပူနေကြကြောင်း ပြည်ပရောက်လူငယ်ထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၊ တောင်ကြီးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်များမြေထဲမြုပ်ပါသွားခြင်းနှင့် လူအသေအပျောက်များရှိနေပြီး ပြည်ပရောက်လူငယ်များက မိသားစုနှင့်အဆက်မရနေကြောင်း သိရသည်၊၊

“လိုင်းမတက်တော့ ဖုန်းနဲ့ဆက်တယ် ဖုန်းလည်းဆက်မရဘူး အမေတို့အဖေတို့ကအသက်လည်းကြီးပြီ ကျမကလေးကိုလည်း ထိန်းပေးရတယ် အဆင်ပြေနေရဲ့လားမသိဘူး အရမ်းစိတ်ပူလို့ညဆိုအိပ်မရဘူး” ဟု ဟိုပုံးမြို့နယ် ကလေးနှစ်ဦး မိခင်ကခမ်းသားငေါဝ်းသို့ပြောသည်၊၊

ရှမ်းတောင်တွင် အော်ရီဒူး၊ မိုင်တဲ၊ တယ်လီနော ဖုန်းလိုင်း၊ အင်တာနက်လိုင်းပျက်နေပြီး MPT မှာဖြင့်ဖုန်းလိုင်းတော့ရနေပြီး အင်တာနက်လိုင်းမရနေကြောင်း သိရသည်၊၊

ရှမ်းတောင်ရှိဦးဇင်းတစ်ပါးက “MPT ဖုန်းလိုင်းရပြီး အင်တာနက်လိုင်း သုံးမရတဲ့သူများ 3Gချိန်းသုံးပါ။မှတ်ချက်-4Gဖြင့်လိုင်းတက် မရတော့ပါဘူး။” ဟု ၄င်း၏ လူမှုကွန်ယက်စာမျက်နာတွင် တင်ထားသည်၊၊

ပြည်ပရောက် ဆီဆိုင်မြို့နယ် လွယ်မောဒေသရှိလူငယ်တစ်ဦးကလည်း “လူကြီးပိုင်းတွေက လိုင်းဘယ်လိုသုံးရမယ်ဆိုတာတောင်မသိဘူး အဝေးရောက်နေတဲ့ သားသမီးတွေရဲ့မျက်နှာမြင်ချင်တယ်ဆိုရင် ၆/၇ နှစ်ကလေးတွေက ဗွီဒီယိုကောခေါ်ပေးမှရတာ VPN ကတဘက် ခုလိုလိုင်းမရတာတဘက် စစ်ဘေးကတဘက် သဘာဝဘေးကောကြုံနေရလားဆိုတာ ဆက်သွယ်မရတော့ စိတ်ပူတာပေါ့ ရွာကတောင်စောင်းမှာဆိုတော့လေ” ဟု ခမ်းသားငေါဝ်းကို ပြောသည်၊၊

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျံမှုအပြင် တောင်ပေါ်ရွာများတွင် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နေပြီး လမ်း၊ တံတားပျက်စီးခြင်း၊ စိုက်ခင်းများပျက်စီးခြင်း၊ နေအိမ်ပျက်စီးခြင််််််းနှင့် လူအသေအပျောက်များရှိနေပြီး ဖုန်းလိုင်း အင်တာနက်လိုင်းမရရှိခြင်းကြောင့် ကူညီမည့် ကယ်ဆယ်ရေးသမားများလည်း မရှိနေသည့်အပြင်မြေပြင်အခြေအနေအား ချပြနိုင်ခြင်းမရှိဖြစ်နေကြောင်း သိရသည်၊၊

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သဘာဝဘေး
#ရှမ်းတောင်
#မြေပြိုခြင်း
#ရေကြီးခြင်း
#နေအိမ်ပျက်စီး
#လူအသေအပျောက်
#ဖုန်းလိုင်း
#အင်တာနက်လိုင်း

Leave a Reply

Your email address will not be published. Required fields are marked *