ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၀၊ ၂၀၂၄

သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်းစစ်ဝတ်စုံအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်က ဒေသခံများထံ တစ်အိမ်ငါးသောင်းကောက်ခံနေသဖြင့် ဒေသခံများအတွက် အခက်အခဲဖြစ်နေရသည်ဟု စက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်း၌ အသက်(၁၈)နှစ်အထက် (၄၀)အောက်အမျိုးသားများအားလုံး အခြေခံစစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဖြစ်ပြီး ယခုအခါတွင် သင်တန်းသားများဝတ်ဆင်ရန် စစ်ဝတ်စုံအတွက်ဆိုကာ တစ်အိမ်ငါးသောင်းကောက်ခံနေသည်။

“ပိုက်ဆံကတော့လာကောက်ပြီ တစ်အိမ်(၅)သောင်းတဲ့ စက်တင်ဘာလ(၁၁)နေ့နောက်ဆုံးထားပြီး ထည့်ရမယ်ပြောတယ်၊ သူတို့ပြောတာကစစ်ဝတ်စုံယူနီဖေါင်းအတွက် သူတို့တစ်ဝက်ပေးပြီး ပြည်သူဘက်ကတစ်ဝက် ဆိုက်ပေးရမယ်တဲ့၊ ဒီလိုကာလကြီးမှာ တစ်နေ့လုပ်တစ်နေ့စားသူတွေအတွက်မပြောနဲ့ ကျွန်တော်တို့တောင် ခက်ခဲတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဝတ်စုံဖိုးအတွက် မိဘလည်းမရှိထည့်ဝင်ဖို့အဆင်မပြေသည့်သူများနှင့် အိမ်ထောင်ကျပြီးကိုယ်ပိုင်နေအိမ်မရှိသေးသည့် မိသားစုဝင်များအတွက် တစ်ဝက်နှုန်းသာကောက်ခံသွားမည်ဖြစ်ကြောင်း ထည့်ဝင်ဖို့လုံးဝအဆင်မပြေသည့်သူများလည်းရှိသဖြင့် ၎င်းတို့အတွက်ကင်းလွတ်ခွင့်ပေးစေချင်ကြောင်း ၎င်းကပြောသည်။

“အခြေခံစစ်သင်တန်းတက်ရမယ့်ရက်တော့ သူတို့မပြောလာသေးဘူး၊ သင်တန်းကတော့ ကျွန်းတောင်ရွာဘက်သွားတက်ရမယ်ပြောတယ် ဘယ်နှရက်တက်ရမလည်းဆိုတာလည်း မသိသေးဘူး” ဟု၎င်းကဆက်ပြောသည်။

သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်းတွင် ပအိုဝ်းတိုင်းရင်းသားများမကပဲ အခြားသော အင်း၊ ရှမ်းစသည့်တိုင်းရင်းသားလူမျိုးများလည်းရှိနေသည့်အတွက်ကြောင့် အခြားတိုင်းရင်းသားရွာများက စစ်သင်တန်းနှင့်ဆက်ကြေးဖိုး ကင်းလွတ်ခွင့်ရရှိရန် တောင်းခံမှုများလည်းရှိကြောင်းသိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#သပြေကုန်းရွာအုပ်စု
#အွိုင်ႏတဖြေကွုံꩻ
#စစ်ဝတ်စုံအတွက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed