ခမ်းသားငေါဝ်း
စက်တင်ဘာ ၈၊ ၂၀၂၄

လားရှိုးမြို့တွင်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်၊ဟိုတယ် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် စက်တင်လ (၈)ရက် မနက် (၄)နာရီအချိန်တွင်၊စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်နှင့် ဟိုတယ် ပျက်စီးမှုရှိခဲ့သည်။

“မနက်အစောကြီး အိပ်မောကြနေတဲ့အချိန် လာကျဲသွားတာ၊ ဘယ်ကိုပြေးရမလဲနဲ့ ပြာယာခက်သွားတယ်။ ကြောက်တာပေါ့ အဓိက ကလေးငယ်တွေပါတော့ ပိုပြီး စိုးရိမ်ပူပန်ရတယ်”ဟု ရပ်ကွက်(၂)နေထိုင်သူ တစ်ဦးကပြောသည်။

လေယာဥ်ဖြင့်ဗုံးကျဲမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁၂)မိုးလုံလေလုံ အားကစားကွင်းရှိနေအိမ်နှင့် ရေပူစမ်းသွားလမ်းရှိ Sliver Sky ဟိုတယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဟိုတယ်ဝန်ထမ်းတစ်ဦးသည်လည်း “အစက ထိခိုက်မှုနည်းတဲ့ ဟိုတယ်တွေ ပြန်လည်ပတ်နိုင်ဖို့ လုပ်နေတာပေါ့၊ အခုက အခြေအနေက ဘယ်လိုပြန်ဖြစ်မလဲ မသိတော့ အထုတ်ပြင်ပြီး ပြန်ပြေးရမလားမသိဘူး။ ဒီနေ့ဆိုလည်း ဟိုတယ်တစ်လုံး ထိတာ တော်တော်ပျက်စီးသွားတယ်”ဟုပြောသည်။

ယခုအချိန်တွင် လားရှိုးမြို့နေပြည်သူများသည် စစ်ပွဲအတွင်း ကျန်ရစ်ခဲ့သော ကုန်ပစ္စည်းများကို ပြန်လည်သယ်ယူသူများစွာရှိပြီး လားရှိုးမြို့မှ ပြန်လည်ထွက်ခွာကြသူများစွာ ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ကို (MNDAA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမှု (၂)ကြိမ်ရှိပြီး၊လူထိခိုက်မှုမရှိ‌‌ေသာ်လည်း အဆောက်အအုံများ ပျက်စီးမှု‌ရှိနေကြောင်း သိရသည်။

ထို့အပြင် (TNLA)ထိန်းချုပ်ထားသော ရှမ်းမြောက်၊နမ့်ခမ်းမြို့တွင်လည်း စစ်ကောင်စီမှ စက်တင်ဘာ (၆)ရက် နံနက်ပိုင်းတွင် ဗုံးကျဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် လူထိခိုက်သေဆုံးမှု(၂၀)နှင့် ထိခိုက်ဒဏ်ရာရ‌ေသာသူများရှိခဲ့သည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#MNDAA
#လားရှိုးမြို့
#လေယာဉ်ဖြင့် ,ဗုံးကျဲမှုကြောင့်
#နေအိမ်နှင့်ဟိုတယ်ပျက်စီး

Leave a Reply

Your email address will not be published. Required fields are marked *