ခမ်းသားငေါဝ်း

စက်တင်ဘာ ၈၊ ၂၀၂၄

စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ပထမပတ် ၆ ရက်အတွင်း ကလေး၊ အမျိုးသမီးအပါအဝင် ၃၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနှင့် အဆောက်အဦးများပျက်စီးမှုရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်၊၊

ထိုသေဆုံးမှုများသည် စက်တင် ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ၃၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်၊၊

ထို့အပြင်စာသင်ကျောင်းနှင့်လူနေအိမ်ပျက်စီးမှုများစွာရှိခဲ့ကြောင်း ဆိုထားသည်၊၊

(၆-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂း၄၈) နာရီအချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှတစ်ဆင့် ပေါင် (၂၀၀) ဗုံးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် လူနေအိမ် သုံးလုံးလည်း ပျက်စီးခဲ့ပါသည်။

(၆-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၂း၄၀) နာရီအချိန်ခန့်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၄) ရှိ ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုနှင့် ပျက်စီဆုံးရှုံးမှုစာရင်း မသိရှိရသေးပါ။

(၆-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၁း၃၅) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညစျေးတန်းနှင့် ကျားဖြူခန်းမနေရာတို့ကို လေကြောင်းမှတစ်ဆင့် ပေါင် (၅၀၀) ဗုံးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး၊ အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ရပါသည်။ သေဆုံးသူများ တွင် ကရုဏာပရဟိတအဖွဲ့ဝင် တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ ကလေးငယ် (၂) ဦး အပါအဝင် အခြားပြည်သူစုစုပေါင်း (၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် (၁၀) လုံးနှင့်အထက် ထိခိုက်ပျက်စီးခဲ့ပါသည်။

(၅-၉-၂၀၂၄) ရက်နေ့၊ ည (၀၉း၃၀) နာရီအချိန်ခန့်တွင် ရှမ်း-ကရင်နီပြည် အစပ်၊ ဖယ်ခုံ မြို့နယ်၊ လအိတိုက်နယ်၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦးနှင့် ဆရာမများအပါအဝင် ပြည်သူစုစုပေါင်း (၉) ဦး သေဆုံးခဲ့ရပါသည်။ ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

(၅-၉-၂၀၂၄) ရက်နေ့၊ ညပိုင်းတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာ ကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ယင်းကလေးငယ်၏ ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။

(၅-၉-၂၀၂၄) ရက်နေ့၊ ညနေ (၀၅း၃၀) နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသည်။

(၅-၉-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးထက်မနည်း သေဆုံးခဲ့ရပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

(၃-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၀၂း၃၀) နာရီအချိန်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ လုံးရန်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးနို့တိုက်နေသော မိခင်တစ်ဦး သေဆုံးကာ ကလေး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

(၁-၉-၂၀၂၄) ရက်နေ့၊ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး ပြည်သူ (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

စစ်ကောင်စီက ဆေးရုံဆေးခန်းများ၊ ကျောင်းများ၊ အရပ်သားပြည်သူတို့၏ နေအိမ်များ၊ ဈေးများ၊ ဘာသာရေးအ‌ဆောက်အအုံများ၊ လမ်းတံတားများအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်းဆိုထားသည်။

အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ခိုင်းစေသူများ၊ လေတပ်မှ တာဝန်ရှိသူများ၊ လေယာဉ်မောင်းသူများ၊ လေယာဉ်စက်ပစ္စည်းများနှင့် လေယာဉ်ဆီ ရောင်းဝယ်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပြုလုပ်နေသည့် စစ်ရာဇဝတ်ကောင်များ၊ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိသည်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်ရေး
#NUG
#လေကြောင်းတိုက်ခိုက်မှု
#ဂျီနီဗာကွန်ဗန်းရှင်း
#လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *