ခမ်းသားငေါဝ်း
စက်တင်ဘာ ၆၊ ၂၀၂၄

ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနားရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

” လေယာဥ်နဲ့ ဗုံး ၂ လုံးလာကြဲသွားတယ်၊ ပထမတစ်လုံးကတော့ တဲအလယ်တည့်တည့်ကျတာ၊ တဲအလုံးနှစ်ဆယ်လောက်လွင့်သွားတယ်၊ ဒုတိယ တစ်လုံးကတော့ ကွင်းပြင်မှာ ကျသွားတယ်၊ ပေသုံးဆယ်လောက် ကျယ်တဲ့ တွင်းကြီးဖြစ်သွားတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေသွားပြီး၊ ဒဏ်ရာရသူတွေ အမြောက်အများ ရှိကြောင်းသိရသည်။

” ဗုံးထိတဲ့ တဲထဲက မိသားစုတွေအကုန်သေတယ်ပေါ့နော်၊ကလေးတွေလည်းပါတယ်၊ ၈ ယောက် တော့ ပွဲချင်းပြီးသေသွားတယ်၊ မနက်ရောက်မှ ကလေးလေးခြေထောက် တစ်ဖက်ထပ်တွေ့တော့ ၉ ယောက်ပေါ့နော်၊ဒဏ်ရာရသူတွေက အများကြီးရှိတယ်၊ အရေအတွက်အတိအကျတော့ မသိသေးဘူး” ဟု ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီက ပြည်သူများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ဒေသခံများလည်းစိုးရိမ်နေလျက်ရှိသည်။

ဒေသခံတစ်ဦးကလည်း” ဒီမှာတိုက်ပွဲလည်းမဖြစ်ဘူး၊ ဆေးရုံ၊စာသင်ကြောင်း၊စစ်ရှောင်စခန်းတွေပဲရှိတာလေ၊ ကလားမနိုင် ရခိုင်မဲ သလိုလုပ်နေတာ၊ မနေ့က ဗုံးကြဲတဲ့နေရာနဲ့ ငါးမိုင်လောက်ပဲကွာတာ၊ တစ်ညလုံးလန့်ပြီးအိပ်လို့မရဘူး၊ လေယာဥ်က ခေါင်းပေါ်မှာပဲ ဝဲနေတာ၊ နေရတာ စိတ်ဆင်းရဲတယ်” ဟုဆိုသည်။

အဆိုပါဘန်ကောက်စစ်ရှောင်စခန်းကို ဖွင့်ထားသည်မှာ ၂ နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး၊လူဦးရေ ၆၀၀ ကျော်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လအိကျေးရွာဆေးရုံကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

photo local

#PPV003
#Humanright
#လေယာဉ် ဗုံးကြဲတိုက်ခိုက်
#ဖယ်ခုံအနောက်ခြမ်း
#ဘန်ကောက်စစ်ရှောင်စခန်း

Leave a Reply

Your email address will not be published. Required fields are marked *