ခမ်းသားငေါဝ်း
စက်တင်ဘာ ၆၊ ၂၀၂၄

နမ့်ခမ်းမြို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်​ခြင်း ကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးအပါအ ဝင် မြို့ခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က အရပ်သားများဦးတည်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံး ၂ လုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနှင့် အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ ပြီး သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်ကြောင်းသိရသည်။

ထို့အပြင် စက်တင်ဘာလ (၃)ရက်နေ့တွင် မန်တုံမြို့အားလည်းကောင်း၊ စက်တင်ဘာလ (၄) ရက်နေ့တွင် သီပေါမြို့အားလည်းကောင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (၁)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုဗုံးကြဲမှုသည် PSLF/TNLA အုပ်ချုပ်သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀) ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်းTNLA ကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#နမ့်ခမ်း
#လေယာဥ်ဗုံးကြဲ
#ပြည်သူသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *