ခမ်းသားငေါဝ်း

စက်တင်ဘာ ၃၊ ၂၀၂၄

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့အား အကြမ်းဖက် အဖွဲ့များအဖြစ် စစ်ကောင်စီမှ စက်တင်ဘာ(၂)ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အမိန့်အမှတ် (၁/၂၀၂၄) ပါ ကြေညာချက်အရ MNDAA၊ TNLA နှင့် AA တို့သည် နိုင်ငံပိုင် အဆောက်အအုံပျက်စီးခြင်း၊ လမ်းတံတားကို မိုင်းခွဲဖျက်ဆီးခြင်း၊ ‌လူနေထူထပ်သည့်နေရာတွင် လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ကို စစ်ကောင်စီမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆ပုဒ်မ(င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်ကြောင်း ဖော်ပြထားသည်။

အာရက္ခတပ်တော် (AA)ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ၂၀၂၁ ခုနှစ် မတ်လ(၁၁) ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းထားသော်လည်း လက်ရှိတွင် အကြမ်းဖက်အုပ်စုအဖြစ် ပြန်လည်ကြေညာလိုက်ခြင်း‌ ဖြစ်သည်။

စစ်ကောင်စီမှ ညီနောင်မဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားသော်လည်း လက်ရှိချိန်ထိ ညီနောင်မဟာမိတ်အဖွဲ့ဖက်မှ တစုံတရာပြန်လည် ဖော်ပြထားခြင်းမတွေ့ရသေးပါ။

လက်ရှိတွင် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းမြောက် မြို့နယ် (၂၀)ကျော်နှင့် ရခိုင်ပြည်နယ် မြို့ (၁၀) မြို့နီးပါး သိမ်းပိုက်ထားပြီး တရုတ်ဘက်ကလည်း TNLA ကို အပစ်ရပ်ဖို့ ပြောထားကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#မြောက်ပိုင်းညီနောင်မဟာမိတ်
#မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
#MNDAA
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
#TNLA
#အာရက္ခတပ်တော်
#AA
#အကြမ်းဖက်အဖွဲ့ကြေညာ

Leave a Reply

Your email address will not be published. Required fields are marked *