ခမ်းသားငေါဝ်း
စက်တင်ဘာ ၃၊ ၂၀၂၄

မန္တလေးမြို့ရှိ စစ်ကောင်စီ၏အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (လပခ)ရုံးအတွင်းသို့စက်တင်ဘာလ(၃)ရက် မနက်(၄)နာရီ၈မိနစ်အချိန်တွင် ၁၀၇ မမရှော့ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ(၇)လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors For Myanmar (BWM)ထုတ်ပြန်ထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသည့် ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှတစ်ခုဖြစ်ကြောင်း၊ ယခုအခါ တော် လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟုထုတ်ပြန်ချက်တွင် ဆိုထားသည်။

BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဖြိုလဲရန် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

BWM အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေ တပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထို့အတူအေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သလို စစ်ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

#PPV0012
ဓာတ်ပုံ-အွန်လိုင်း
#စစ်ရေး
#မန္တလေးမြို့
#စစ်ကောင်စီ၏
#အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်
#လပခရုံးအတွင်း
#Brave Warriors For Myanmar
#BWM
#ရှော့ဒုံး

Leave a Reply

Your email address will not be published. Required fields are marked *