ခမ်းသားငေါဝ်း

စက်တင်ဘာ ၃၊ ၂၀၂၄

ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်း ဘော်လခမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ ခဲ့ကြောင်း KNDF ယနေ့တွင် ထုတ်ပြန်ထားသည်။

ဘော်လခဲ မြို့နှင့် မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား သြဂုတ်လ ၈ ရက်နေ့တွင် KA၊ KNDF၊ KNPLF တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်း ၆ လောင်းနှင့်အတူ လက်နက်ငယ် ၇ လက်၊ 9 MM ပစ္စတို ၁ လက်၊ ငါးကြင်းမြီး ၁ လက်၊ ၈၁ မမပြောင်း ၁ ပြောင်း နှင့် ခဲယမ်းအသုံးအဆောင်များသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ၍ ဘော်လခဲဖက်သို့ထွက်ပြေးသွားကြောင်းသိရသည်။

ထို့အတူ သြဂုတ်လအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင် စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး ဖရူဆိုမြို့နယ် ၊ ဖားဆောင်းမြို့နယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် တို့တွင် ထိတွေ့တိုက်ပွဲများ ကြိုကြားသာရှိခဲ့ကြောင်း သိရသည်။

လွိင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ ပန်ကန်း ၊ ဒေါပိုးစီ ၊ ၆ မိုင်စံပြ ကျေးရွာ များ တစ်လျှောက်တွင် ဩဂုတ်လ တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး တိုက် ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့၍ ၎င်းတို့ထံမှ ခဲယမ်း မီးကျောက်များ ၊ ကျန်း မာ ရေး ပစ္စည်းများ နှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်သားများက ပန်ကန်း ၊ ဒေါပိုးစီ ၊ ၆ မိုင်စံပြ ကျေးရွာများတစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ နေအိမ် ၄၀ ကျော်ကို မီးရှိ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ် နှင့် ဒီမောဆိုမြို့နယ်တို့ တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်များမှာ သြဂုတ်လ နောက်ဆုံးပါတ်မှ စ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများထဲသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသောကြာင့် ဒီမောဆိုမြို့နယ်အတွင်းလက်နက်ကြီးထိမှန်၍ နေအိမ် ၃ လုံးပျက်စီးကာ ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတလျှောက်တွင် ယနေ့အချိန် အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပြည်သူများအနေဖြင့် လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးအပါအဝင် ၎င်းနှင့် ဆက်စပ်လျက်ရှိ သော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြပါရန် KNDF ဗဟိုက တိုက်တွန်းထားသည်။

PPV003
ဓာတ်ပုံ-KNDF
#ဘောလခဲ
#လွိုင်ကော်
#ဒီမော့ဆို
#ဖရူဆို
#ရေကျော်စခန်း

Leave a Reply

Your email address will not be published. Required fields are marked *