ခမ်းသားငေါဝ်း
သြဂုတ် ၃၁၊၂၀၂၄

“ဝ” ပြည်နယ်တောင်ပိုင်း ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့် “ဝ” အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန်ရှောင်ပြေးနေသူများ အနေနှင့် မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြရန် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ သြဂုတ်၊ ၃၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ပြည်ပ လာအိုနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူ တောင်ပိုင်းမှ “ဝ” အမျိုးသားများအနေနှင့် ၂၀၂၄၊ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၇ ရက်နေ့အထိ နောက်ဆုံးထားပြီး သက်ဆိုင်ရာလုံခြုံရေး ဌာနများတွင် စာရင်းပေးသွင်းရန်လိုအပ်ပြီး သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။

“ဝ” ပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းထဲ စစ်မှုထမ်းရန် တပ်သားအင်အား ၄ ထောင်စီ ကောက်ခံသွားမည်ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ(၁၇၁)မှ တာဝန်ရှိသူတဦးပြောဆိုချက်ကို Wa News Land သတင်းဌာနက ရေးသားဖော်ပြထားသည်။

“ကျွန်တော်တို့ စစ်သားကောက်လာတာက အခုမှမဟုတ်ပါဘူး။ အရင်တည်းကပါ။ လက်ရှိပြည်တွင်းထဲ ဖြစ်ပေါ်နေတဲ့ အရေးအခင်းထဲ ပိုလို့တောင် ကိုယ့်ဒေသ၊ ပြည်နယ်အတွက် လုံခြုံအောင် ကာကွယ်ရပါတယ်။ ဒီရှမ်းပြည်တိုက်ပွဲတွေထဲ နယ်မြေအသီးသီးဆီကို ကာကွယ်ဖို့ တပ်သားတွေ စေလွှတ်ရပါတယ်။ ကျွန်တော်တို့မှာ အရင်တည်းက ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ လူထုအသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့က နံပါတ်တစ်ပါ။ ဒီလောက်ပါပဲ”

“ဝ” ပြည်နယ်သည် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်တည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီသတ်မှတ်ထားကြောင်းသိရသည်။

ဝ ပြည်နယ် တောင်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များအပါအဝင် မြို့နယ် ၇ ခု၊ မိုင်းကန်၊ နာယောင်း၊ ဝမ်းဟုန်၊ မိုင်ယွန်း၊ ဟွေအော၊ မိုင်ကျွတ်၊ ခိုင်လုံမြို့များလည်း ပါဝင်ကာ လူဦးရေ တသိန်းကျော်နေထိုင်ပြီး ဝတောင်ပိုင်းဒေသ သို့မဟုတ် ၁၇၁ စစ်ဒေသဟု ခေါ်ဆိုကြောင်း သိရသည်။

ဝ ပြည်နယ်သည် ၂၇ မြို့နယ်ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်ပြီး UWSA အခြေစိုက်သည့် ပန်ဆန်းမြို့သည် ဝ ပြည်နယ်၏ မြို့တော်လည်းဖြစ်ကာ မိုင်းမောခရိုင်၊ မိုင်းလင်းခရိုင် (ဝိန်းကောက်)၊ မိုင်းပေါက်ခရိုင်၊ ပန်ခမ်း(ပန်ဆန်း) အထူးမြို့နယ်၊ နမ့်တစ်အထူးမြို့နယ်တို့ စုဖွဲ့ထားမှုကို ဝ ပြည်နယ် မြောက်ပိုင်းဟု ခေါ်ဆိုကြောင်း သိရသည်။

#ppv002
# ဝ
#စစ်မှုထမ်း
#social

Leave a Reply

Your email address will not be published. Required fields are marked *