ခမ်းသားငေါဝ်း
သြဂုတ် ၃၁၊ ၂၀၂၄

လွယ်မောကျေးရွာအုပ်စုအတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ငါးသောင်းကျပ်အတင်းကောက်ခံမှုကြောင့် ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် လွယ်မောကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် သူ၏ဆွေမျိုးကိုချန်ထားပြီး ပြည်သူများကို အတင်းအဓမ္မငွေ ကောက်ခံနေကြောင်းသိရသည်။

‘’ဒီအချိန်မှာ ငွေငါးသောင်းက ကျွန်တော်တို့လို တစ်နေ့လုပ်တစ်နေ့စားအတွက် မထည့်မနေရအတင်း ကောက်တော့ သူများဆီချေးငှားရတယ်ဗျာ့၊ အုပ်ကြီးအသိုင်းဝိုင်းက ပိုက်ဆံမထည့်ရဘူး သူ့သမက်ကိုယ်တိုင် ပိုက်ဆံလိုက်ကောက်နေတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လွယ်မောကျေးရွာအုပ်စုအတွင်း တစ်ရွာလျှင် (၃) ဦး စစ်မှုထမ်းသွားရမည်ဖြစ်ပြီး၊ ထိုအတွက်လူငှားရန် သြဂုတ်လ ၃၀ ရက်နေ့က ငွေကြေးကောက်ခံနေကြောင်းသိရသည်။

လွယ်မောကျေးရွာအုပ်စုတွင် လွယ်မော၊ ပိန္နဲပင်၊ ပုံလန်၊ မြေနီကျင်း၊ လွယ်စောင်နှင့်သစ်အယ်ပြားကျေးရွာဆိုပြီး ရွာပေါင်း (၆) ရှိကြောင်းသိရသည်။

ထိုဒေသတွင် တောင်ယာကိုအဓိကအားထားပြီး ပြောင်း၊ ငရုတ်သီးများစိုက်ပျိုးကြပြီး ကုန်းဈေးနှုန်းအဆမတန် မြှင့်တက်ချိန်တွင် ထိုသို့ငွေကြေးကောက်ခံမှုသည် ပြည်သူများအခက်ခဲကြုံတွေ့ရခြင်းဖြစ်သည်။

စစ်ကောင်စီခေါ်သည့် ပြည်သူ့စစ်မှုထမ်းသည် အပတ်စဉ်(၄)အထိ သင်တန်းတက်ရောက်ထားကြပြီဖြစ်ပြီး လက်ရှိအပတ်စဉ်(၅)အတွက် စာရင်းလိုက်လံကောက်ခံနေကြောင်းသိရသည်။

Photo- local
#ppv002
#humanright
#စစ်မှုထမ်း
#လွယ်မော
#ကလော

Leave a Reply

Your email address will not be published. Required fields are marked *