ခမ်းသားငေါဝ်း
သြဂုတ် ၃၀၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်သူများ၏စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် ဓာတ်အားပေးဝေမှုစနစ်အား အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ ပြုပြင်ပေးနေကြောင်း MNDAA က ဩဂုတ်လ(၂၉)ရက်နေ့တွင် ဖော်ပြထားသည်။

လားရှိုးတွင် တိုက်ပွဲအပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ၏ အထူးဒေသ (၁)အုပ်ချုပ်မှု ကော်မတီသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်ပြန်လည်ရရှိရေး ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

“အခုက လျှပ်စစ်မီးပြန်ရဖို့ ကြိုးစားလုပ်ဆောင်နေတာဆိုတော့ မကြာခင် စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်လုပ်ဆောင်လို့ရတော့မယ်လို့ မျှော်လင့်တယ်”ဟု လားရှိုးဒေသခံတစ်ဦးကပြောသည်။

မကြာမီ လျှပ်စစ်မီးပြန်ရတော့မည် ဟူသော သတင်းကြောင့်လုပ်ငန်းပိုင်ရှင်များက ဝန်ထမ်းများကို ပြန်လည်ခေါ်ယူမှုတွေလည်း ရှိနေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

လတ်တလောတွင် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေးနှင့် လားရှိုးမြို့ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ကိုက်ညီစေရန် အထူးဒေသ (၁) ရေနှင့်လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း(၁၀)ဦးအား ဒေသခံဝန်ထမ်းများနှင့် လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ရန် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

ယခင်ပျက်စီးသွားသည့်တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးမည်ဖြစ်ကာ သက်ဆိုင်ရာ လုပ်ငန်းများကို ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည်ဟုလည်း ဖော်ပြထားသည်။

အထူးဒေသ ရေအားလျှပ်စစ် ကုမ္ပဏီမှ ဓာတ်အားလိုင်းများ ပြုပြင်ပြီးစီးပါက မကြာမီ လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် နေအိမ်တွင်ရှိသော ဓာတ်ကြိုးများနှင့် Circuit Breaker များကို စစ်ဆေးပြင်ထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

#PPV0011
#လားရှိုး
#လျှပ်စစ်မီး
#MNDAA
#social

Leave a Reply

Your email address will not be published. Required fields are marked *