ခမ်းသားငေါဝ်း
သြဂုတ် ၃၀၊ ၂၀၂၄

ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်းသြဂုတ် ၃၀ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။

ကရင်နီ( ကယား) ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတစ်ခုတွင် အလှူရှင် မရောက်ရှိလာတော့သဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရသည်။

” ဇူလိုင်လကတည်းကစပြီး အလှူရှင်တွေရောက်မလာတော့ဘူးပေါ့နော်၊ သူတို့က အလှူရှင်တွေပဲအားကိုးနေကြရတာ၊ အခုတော့ ဆန်တွေပြတ်နေပြီ၊ တစ်ရက်ကို နှစ်နပ်ပဲ ချက်စားရတာတဲ့ ၊ တချို့ရက်တွေကျလည်း ဆန်ပြုတ် ပြုတ်သောက်ရတယ်”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင် အချိန်ကြာလာသည်နှင့်အမျှ အခက်အခဲပိုများလာသည့်အပြင်၊ အလှူရှင်များလည်းနည်းပါးလာကြောင်းသိရသည်။

စစ်ဘေးရှောင်တစ်ဦးကလည်း” စစ်ရှောင်နေရတာကြာပြီလေ၊ သုံးနှစ်လောက်ရှိပြီ၊ အစပိုင်းကတော့ အလှူရှင်တွေ ပုံမှန်လာတယ်၊ အခုနောက်ပိုင်းတော့ လူတိုင်းက ကျပ်တည်းနေကြတော့ လေ၊ လာလှူတာတွေသိပ်မရှိတော့ဘူး၊ စိုက်စားစရာ မြေလည်းမရှိ၊ ဝယ်လည်းမစားနိုင် ဒုက္ခ အရမ်းရောက်ရတယ်” ဟုဆိုသည်။

စစ်ရှောင်စခန်းဖွင့်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ပြီး လူဦးရေ ၁၄​၆ ဦးရှိကြောင်းသိရသည်။

ကရင်နီပြည်နယ်တွင် ယခုနှစ် ရေကြီးရေလျှံမှုများကြောင့် စပါးခင်း ဧကပေါင်း မြောက်များစွာ ပျက်စီးဆုံးရှူံးခဲ့ရပြီး လာမည့် နှစ်အတွက် စားနှပ်ရိ က္ခာပိုမို ကျပ်တည်းလာနိုင်ကြောင်းသိရသည်။

#PPV 003
#Humanright
#ဒီးမော့ဆို
#ကရင်နီ
#စစ်ရှောင်

You missed