ခမ်းသားငေါဝ်း

ဩဂုတ် ၂၉၊ ၂၀၂၄

Dawei Watch သတင်းဌာနမှ သတင်းသမား (၂)ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း အဆိုပါသတင်းဌာနမှ ဩဂုတ်လ (၂၇)ရက်တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် သတင်းသမား (၂)ဦးဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်ကသွားရောက် ဖမ်းဆီးခဲ့ပြီး သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်သည်။

“ဒါက အရမ်းကိုမှဆိုးတယ်ပေါ့လေ၊ သတင်းမီဒီယာတွေကို ပျောက်ကွယ်သွားစေချင်တဲ့ပုံစံမျိုး၊ အမှန်တရားကိုဖော်ထုတ်တဲ့ မီဒီယာသမားတွေတိုင်းကို ဒီလိုဆက်တိုက်လုပ်ဆောင်နေမှာဘဲ။စကစက တိုင်းပြည်ကို သတင်းအမှားတွေနဲ့ဘဲ ဝါဒမှိုင်းဖြန့်ချင်နေတာ”ဟု အမည်မဖော်လိုသူ သတင်းသမားတစ်ဦးက ပြောသည်။

ဖမ်းဆီးပြီးနောက် လက်ပ်တော့နှင့် ဖုန်းများကို သိမ်းဆည်းသွားခဲ့ပြီး စစ်ကြောရေးသို့ပို့ဆောင်ကာ (၄)ရက်ခန့် ရိုက်နှက်စစ်ဆေးပြီး မြိတ်အကျဥ်းထောင်သို့ ပို့ဆောင်ပြီးနောက် ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီ (၁၆)ရက်၊ ကိုမျိုးမင်းဦးကို မေလ (၁၅)ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Dawei Watch သတင်းဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

နောက်ထပ်သတင်းသမားတစ်ဦးကလည်း “ဒါက သတင်းထောက်တွေကို တုန်လှုပ်စေတဲ့ သတင်းဖြစ်တယ်။ တို့တွေက လွတ်လွတ်လပ်လပ်နဲ့ သတင်းယူပိုင်ခွင့် ရေးသားပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာတော့ ကြာကြာဖုံးကွယ်လို့မရဘူး”ဟု ပြောသည်။

ဖမ်းဆီးခံရသည့် သတင်းသမားနှစ်ဦးကို စစ်ခုံရုံးက တိတ်တဆိတ် တရားစီရင်ပြီး ကိုမျိုးမြင့်ကို ထောင်ဒဏ်တသက်တစ်ကျွန်း နှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ်(၂၀) မတရားအမိန့်ချလိုက်ကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်မဟုတ်သဖြင့် သတင်းသမားများကို ဥပဒေနှင့်အညီ ခုခံကာကွယ်ခွင့် ပေးရမည်ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်ရှိ စစ်ခုံရုံးက ဥပဒေမဲ့ ထောင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အကြောင်းရင်းနှင့် ပုဒ်မအသေးစိတ်များကိုလည်း ထုတ်ပြန်ပြောဆိုခြင်းမရှိသည့်အပြင် မည်သို့သော လုပ်ငန်းစဥ်ဖြင့် တရားစီရင်ခဲ့သည်ကိုလည်း မေးမြန်းခွင့်မရခဲ့ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၁)ရက်တွင်လည်း မွန်ပြည်နယ်ရှိ သတင်းသမားနေအိမ်ကို စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ်ရာ သတင်းသမား ၂ ဦးသေဆုံးခဲ့သည်ဟု ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးခံရပြီး လက်ရှိတွင် ၅၉ ဦး ထိန်းသိမ်းခံထားရသည်ဟု (RSF) ကထုတ်ပြန်ထားသည်။

PPV0011
ဓာတ်ပုံ-Crd
#လူ့အခွင့်အရေး
#Dawei
#Watch
#သတင်းဌာနမှ
#ထောင်ဒဏ်တသက်တစ်ကျွန်း
#ထောင်ဒဏ်အနှစ်(၂၀)

Leave a Reply

Your email address will not be published. Required fields are marked *