ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ထဲရှိ ဘုရားဖြူဈေး ကန်ဘောင်အနီးတဲဖြင့်ဆောက်လုပ်ထားသည့် ဆိုင်ခန်းများအား စည်ပင်မှလာရောက်ဖျက်သိမ်းခိုင်းကြောင့် ဩဂုတ်လ(၂၉)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဘဲဥကန်ရှိ ဘုရားဖြူဈေးသည် ဩဂုတ်လ(၂၈)ရက်နေ့၌ စစ်ကောင်စီလက်အောက်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လာရောက်ပြီး ကန်ဘောင်ပေါ်တွင် တဲဖြင့်ဈေးဆိုင်ဆောက်လုပ်ခွင့်မပြုထားကြောင်းဟုဆိုကာ ဆိုင်ခန်းများကိုဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။
“မနေ့ကစည်ပင်အဖွဲ့တွေကလာပြောသွားတာ၊ အဲ့ကန်ဘောင်နားမှာ တဲဆောက်ပြီးဆိုင်ခန်းဖွင့်လို့မရဘူးတဲ့၊ သူတို့ကအရင်ကတည်းကပြောထားတယ်ပြောတာပဲ၊ အခုတဲနဲ့ဆောက်ထားတဲ့ဆိုင်ခန်းကို သူတို့ဖျက်ခိုင်းတာ၊ တခြားဆိုင်တွေတော့ဘာမှမပြောဘူး ဒီတိုင်းပဲလာကြည့်သွားတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခုချိန်သည် မိုးတွင်းကာလာဖြစ်သည်နှင့်အညီ မိုးရွာလျင်ဈေးရောင်းရတာအခက်အခဲများဖြစ်သည့်အတွက် တဲထိုးပြီးဈေးရောင်းနေသော်လည်း စည်ပင်မှလာရောက်ဖျက်သိမ်းခိုင်းသည့်အတွက် အခက်အခဲများဖြစ်နေကြသည်ဟု ၎င်းကပြောသည်။
ဘုရားဖြူဈေးရှိ ဈေးသည်တစ်ဦးက “အဲ့ကန်ဘောင်နားသူတို့တဲဆောက်တာ မြေတူးပြီးတိုင်တွေစိုက်ရတယ်ကော် ကန်အတွင်းရေသိုလှောင်မှုပြဿနာထိခိုက်နိုင်တယ်ပြောတာပဲ၊ သူတို့တိုင်စိုက်တော့ အထဲကကျောက်ခဲတွေထိပြီး ကန်ဘောင်ပြိုသွားမှာကြောက်လို့ထင်တယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
ဘုရားဖြူဈေးသည် မနက်တိုင်းဈေးသည်များ ဈေးရောင်းချနေပြီး ယခုအချိန်တွင် စစ်ဘေးရှောင်များအချို့မှ ဈေးလာရောက်ရောင်းချမှုများလည်းရှိသောကြောင့် ဈေးခင်းနေရာအကြပ်အတည်းလည်း ကြုံတွေ့နေရကြောင်းသိရသည်။
#PPV007
#လူ့အခွင့်အရေး
#တောင်ကြီးဘုရားဖြူ
#ဘုရားဖြူရပ်ကွက်၊
#ဘဲဥကန်