ခမ်းသားငေါဝ်း

ဩဂုတ် ၂၈၊ ၂၀၂၄

လားရှိုးမြို့နယ်၊ သံလွင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုရှိကြောင်း ဩဂုတ်လ (၂၈)ရက်တွင် စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် သံလွင်စံပြကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ (၂၄)ရက်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်ပျက်ဆီးမှုများရှိပြီး လူသေဆုံးမှု မရှိကြောင်း သိရသည်။

“ကံကောင်းတယ်လို့ပြောရမယ်။ ဗုံးလာကျဲတဲ့အချိန် လူက အိမ်မှာမရှိတဲ့အချိန်ဖြစ်သွားတယ်။ မဟုတ်ရင်တော့ မတွေးရဲစရာပဲ။ဘအိမ်တော့ ရစရာမရှိအောင် ပျက်စီးသွားတယ်”ဟု သံလွင်ကျေးရွာခံတစ်ဦးက ပြောသည်။

အခုချိန်ထိ ရွာကလူအားလုံးနီးပါးသည် တောင်ယာ၊ဒါမှမဟုတ် ရွာနီးချင်းဖြစ်သည့် ရှမ်းရွာတွင်သာ သွားရောက် အိပ်ကြပြီး နေ့လည်နေ့ခင်းဘက်တွင်သာ သံလွင်ကျေးရွာသို့ ပြန်လာကြကြောင်း ၎င်းကဆက်ပြောသည်။

သံလွင်စံပြကျေးရွာတွင် ယခုချိန်ထိ MPT ဖုန်းလိုင်း အနည်းငယ်သာရပြီး အင်တာနက်လိုင်းသုံးစွဲလို့မရသေးကြောင်း သိရသည်။

သံလွင်ကျေးရွာသည် ကိုးကန့်၊ တရုတ်အများစုနေထိုင်ရာ ဒေသဖြစ်ပြီး နမ့်ပေါင်မြို့မကျခင်အချိန်ကပင် MNDAA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ထိန်းချုပ်ထားပြီး ယခုချိန်ထိ MNDAAတပ်ဖွဲ့ နေရာယူ ထိန်းချုပ်ထားသော နေရာဖြစ်သည်။

အလားတူ TNLA ထိန်းချုပ်ထားသော သီပေါမြို့တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦးသေဆုံးပြီး၊ ကလေးငယ် ၁၀ ဦး အပါအဝင် ၅၉ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-Google
#လူ့အခွင့်အရေး
#လားရှိုးမြို့နယ်
#သံလွင်စံပြကျေးရွာ
#လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်
#MPT
#လူနေအိမ်ပျက်စီး

Leave a Reply

Your email address will not be published. Required fields are marked *