ခမ်းသားငေါဝ်း

ဩဂုတ် ၂၇၊ ၂၀၂၄

ပင်လုံမြို့၊ပေါင်းလိုင်ကျေးရွာအနီးတွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဩဂုတ်လ (၂၆) ရက်တွင် စစ်ကောင်စီလက်အောက် CCDAC Myanmar မှ ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာ အနီးတွင် ဩဂုတ်လ(၂၄)ရက်နေ့က စစ်ကောင်စီလက်အောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းဝေလင်းအောင် မောင်းနှင်ပြီး စိုင်းလွင်ဖြိုး လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားယာဉ်အား ရှာဖွေစဉ် ဖမ်းဆီးရမိကြောင်း ဆိုထားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးအမျိုးအစားများသည်ခပ်ခူး(အဆင့်နိမ့်ဘိန်း) အလေးချိန် ၅ ဂရမ် (ဒေသကာလပေါက်ဈေးကျပ် ၂၅၀၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၃ကီလို၊ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၂၅၃၀)၊ ကက်တမင်း အလေးချိန် ၈၀၀ ဂရမ်၊ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၈၀) နှင့် ဖုန်း ၂လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စိုင်းဝေလင်းအောင် (၃၃)နှစ်၊စိုင်းလွင်ဖြိုး (၁၉)နှစ် တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-CCDAC Myanmar
#မှုခင်း
#ပင်လုံမြို့
#မူးယစ်ဆေးဝါး
#ပေါင်းလင်းကျေးရွာအနီး
#CCDAC
#Myanmar

Leave a Reply

Your email address will not be published. Required fields are marked *