ခမ်းသားငေါဝ်း
ဩဂုတ် ၂၇၊ ၂၀၂၄

Mpox ကျောက်ရောဂါ လက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး တစ်ပတ်အတွင်း စတင်ပေါ်ပေါက်လေ့ရှိသော်လည်း ၁ ရက်မှ ၂၁ ရက်အကြာတွင်လည်း စတင်ပေါ်ပေါက်နိုင်သည့်အတွက် ရောဂါနှင့်ပတ်သက်ပြီး NUG ကအသိပေးထုတ်ပြန်ထားသည်။

Mpox ကျောက်ရောဂါလက္ခဏာများသည် အရေပြားနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အနီစက်၊ အနီကွက်များ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများထွက်ခြင်း၊ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ ရောင်ရမ်းခြင်း၊ လိင်အင်္ဂါများရောင်ရမ်းပြီး ဆီးသွားရခက်ခဲခြင်းတို့ဖြစ်ကြောင်းသိရသည်။

ရောဂါပြင်းထန်နိုင်ခြေရှိသူများသည် မွေးကင်းစကလေးများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ကောင်းစွာ ကုသမှု မခံယူသော HIV ကဲ့သို့ ကိုယ်ခံအားကျဆင်းသည့် ရောဂါအခံရှိသူများ ဖြစ်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ အနေဖြစ်အရေပြားအနာများမှတစ်ဆင့် ပြင်းထန်စွာ ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် မျက်စိပြဿနာများ ဖြစ်ပွားနိုင်ကြောင်းဆိုထားသည်။

Mpox ကျောက်ရောဂါမှာ လိင်မှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့်အများဆုံးကူးစက်နိုင်ပြီး လူလူချင်း အနီးကပ်ထိတွေ့ခြင်း၊ လူနာထိတွေ့ကိုင်တွယ်ထားသော အရာဝတ္ထုများနှင့် မျက်နှာပြင်များကို ထိတွေ့ခြင်း၊ လူနာနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း သို့မဟုတ် နီးကပ်စွာ ထိုင်၍ အသက်ရှူခြင်း၊မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ရောဂါပိုးရှိသော တောရိုင်းတိရစ္ဆာန်အချို့နှင့် ထိတွေ့ခြင်း တို့မှ ကူးစက်နိုင်ကြောင်းသိရသည်။

Mpox ကျောက်ရောဂါခံစားနေရသော လူနာတွင် အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ မတိုင်မီ အခြားသူသို့ ကူးစက်စေနိုင် ပြီး အနာများ ကျက်ရန်အချိန်မှာ ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်နိုင်ကြောင်းသိရသည်။

Mpox ကျောက်ရောဂါ ကုသခြင်းနည်းလမ်းများမှာဖျားခြင်း၊ နာကျင်ကိုက်ခဲခြင်း တို့အတွက် ဆေးသောက်ခြင်း၊အနားယူခြင်း၊အာဟာရပြည့်ဝအောင် စားခြင်း၊စိတ်ခွန်အားပေးခြင်းများ နှင့်ရောဂါပြင်းထန်သူများအနေဖြင်ဘ ဆေးရုံတက်ကုသခြင်း၊ လိုအပ်သော ပြုစုကုသမှုများပေးခြင်းနှင့် ဗိုင်းရပ်စ်ကုဆေးများ ပေးခြင်းဖြင့် အနာများ၏ ပြင်းထန်မှုကို လျှော့ချနိုင်ပြီး ပြန်လည်သက်သာစေ နိုင်ကြောင်း သိရသည်။

ကာကွယ်ရန်နည်းလမ်းများ အနေဖြင့် လူနာနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ခြင်း ၊လက်ကို အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောခြင်း ၊မိမိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ တစ်ဦးတည်း သီးသန့်ခွဲခြားနေထိုင်ခြင်း ၊လူနာအနားတွင် အခြားသူများရှိပါက အနာများကို ဖုံးအုပ်ထားခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ၊အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များ၊ အခန်းနေရာများကို မကြာခဏ ပိုးသတ်သန့်စင်ခြင်း တို့ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

ထို့အပြင်လိင်ဆက်ဆံပါက ရောဂါသက်သာအပြီး ၃ လကြာသည်အထိ ကွန်ဒုံးကို သတိကပ်၍ အသုံးပြုရန်၊တိရစ္ဆာန် အသားများကို မစားသုံးမီ သေချာစွာ ချက်ပြုတ်ရန်၊တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ရန်၊အရည်ကြည်ဖုအနာများကို မကုတ်ခြစ်ရန် နှင့်ရောဂါကူးစက်နိုင်ခြေ ရှိသူများကို ကာကွယ်ဆေးထိုးနှံခြင်းများ ဖြင့် Mpox ရောဂါ ဖြစ်ပွားမှုကိုကာကွယ်နိုင်ကြောင်းသိရသည်။

Mpox ကျောက်ရောဂါ လက္ခဏာများ ဖြစ်ပွားသည်ဟု သံသယရှိပါကမိမိအိမ်တွင် သီးခြားနေထိုင်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံး နိုင်ကြောင်း NUG ကဆိုသည်။

ထို့အပြင် NUG ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် “တယ်လီကျန်းမာ” အခမဲ့အွန်လိုင်းဆေးခန်း သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းတွင် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း NUG ကအသိပေးထုတ်ပြန်ထားသည်။

Mpox ကျောက်ရောဂါသည် Monkeypox ဗိုင်းရပ်ကြောင့် ဖြစ်ပွားပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် Mpox ကျောက်ရောဂါ ကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်ပြဿနာ (PHEIC) အဖြစ် ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလတွင် PHEIC အဖြစ်မှ ရုပ်သိမ်းခဲ့ကာယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာပြည်သူ့ ကျန်းမာရေးအရေးပေါ်ပြသနာ အဖြစ် ထပ်မံသတ်မှတ် ကြေညာခဲ့ကြောင်းသိရသည်။

PPV003
ဓာတ်ပုံ-အွန်လိုင်း
#ကျန်းမာရေး
#Mpoxကျောက်ရောဂါ
#မျောက်ကြောက်ရောဂါ
#NUG

Leave a Reply

Your email address will not be published. Required fields are marked *