ခမ်းသားငေါဝ်း

ဩဂုတ်် ၂၇၊ ၂၀၂၄

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ နံနက် (၁း၂၀)မိနစ်မှ (၂း၀၀)နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများ အိပ်မောကျချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရပြီး ၂ ဦး သေဆုံးခဲ့သည်။

ဂျက်ဖိုက်တာဖြင့်(၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က(၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ကဆိုသည်။

သြဂုတ်လ အတွင်း သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦးအပါအဝင် (၅၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားပါသည်။

PPV003
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#သီပေါမြို့
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်မှု
#TNLA
#ထိခိုက်ဒဏ်ရာရရှိမှု