ခမ်းသားငေါဝ်း
ဩဂုတ် ၂၅၊ ၂၀၂၄

မောင်တောမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မကြာခင်တွင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလျှက်ရှိပြီး မောင်တောမြို့သည် အာရက္ခတပ်တော် AA ၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ ဖြစ်လာတော့မည်ဟု AA က ဆိုထားသည်။

မောင်းတောမြို့တွင် ခံစစ်ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၊ ARSA၊ RSO၊ ARA အဖွဲ့များသည် AA ၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများ ဆက်တိုက်ပြုလုပ်လာနေကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မောင်တောမြို့ကို လက်လွှတ်ရန် သေချာနေပြီဖြစ်သည့် စစ်ကောင်စီသည် မြို့တွင်းရှိ လူနေအိမ်၊ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မာရက္ခတပ်တော် AA ကလည်းထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကို ဆင်နွှဲနေသောသူများအား လိုက်လံချေမှုန်းလျက်ရှိကြောင်း ဆိုထားသည်။

ယခုရက်သတ္တပတ်တွင် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီနှင့် အပေါင်းအပါများကို နေ့တိုင်းဖမ်းဆီးရမိသကဲ့သို့ ၎င်းတို့၏ အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို ယခုလဩဂုတ် ၄ ရက်တွင် စတင်ခဲ့ပြီး မြို့ပတ်ဝန်းကျင်ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု AAက ထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲ ရက်ပေါင်းနှစ်ဆယ်ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဆိုထားသည်။

အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း မောင်တောမြို့ကို လက်လွှတ်မဆုံးစေရန် ကြည်း၊ ရေ၊ လေတို့ဖြင့် ပူးပေါင်းခုခံတိုက်ခိုက်နေပြီး မကြာခင်အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ကထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV001
ဓာတ်ပုံ – AA Info
#မောင်တောမြို့
#AA
#အာရက္ခတပ်တော်

Leave a Reply

Your email address will not be published. Required fields are marked *