ခမ်းသားငေါဝ်း
သြဂုတ် ၂၄၊ ၂၀၂၄
PNLA ရှိသည့်နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာခြင်းကြောင့် သြဂုတ်လတစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ပြီး အလောင်း ၃၁ လောင်း ကျန်ရှိခဲ့ကာကျန်ရှိခဲ့သည့် စစ်ကောင်စီ၏ အလောင်းများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထား သည်။
စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်း ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ ပြီး ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ရသည်။
” ယခုလို ပအိုဝ်းနယ်မြေထဲနေပြီး ပအိုဝ်းပြည်သူများ၏ ကျေးရွာကို ဖျက်ဆီးနေသော အာဏာရှင် စနစ်ကို လက်နက်ကိုင်ထားတဲ့ပအိုဝ်းအဖွဲ့အစည်းမှန်သမျှ စုပေါင်းတိုက်ထုတ် ဖို့ မိမိတို့နဲ့ ပူးပေါင်းပါဝင်ကြဖို့လိုအပ်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကဆိုသည်။
ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံPNOပြည်သူ့စစ်က လက်နက်ကြီးများ လေယာဉ်များ အသုံးပြုပြီး ပအိုဝ်းကျေးရွာကို တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းပြည်သူ ၃၀၀၀ ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီပေးကြရန်လိုအပ်ပါကြောင်း PNLA ကဆိုသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူများအား အငတ်ဘေးကြုံတွေ့စေရန် ရည်ရွယ်ပြီး ဆန် ဆီ ဆား စသည့် စားသောက်ကုန်များ လူသုံးကုန်များ လယ်ယာသုံးပစ္စည်းများကို သယ်ယူခွင့် ပိတ်ထားလျက်ရှိသည့်အပြင် ငွေကျပ် ၅၀၀(ကျပ်ငါးရာ) နှင့်အထက် တန်ဖိုးရှိ ပစ္စည်းကို သယ်ယူပါက စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က သိမ်းဆည်းကြောင်းသိရသည်။
#PPV 003
#PNLA
#Humanright
#တိုက်ပွဲသတင်း