ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊ ၂၀၂၄

ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာသော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရပြီး အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဩဂုတ်လ(၂၂)နေ့တွင် သိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်းမှထွက်ရှိသည် သနပ်ဖက်ဈေးသည် ပြီးခဲ့သည့် ဇွန်လ၌အကြီးတစ်ပိဿာ ၁ သောင်း ၅ ထောင်ကျပ် အငယ်တစ်ပိဿာ ၈ ထောင်ကျပ်ရှိနေပြီး လက်ရှိတွင်တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးသည် အကြီးတစ်ပိဿာ ၁ သောင်းကျပ်၊ အသေးတစ်ပိဿာ ၅ ထောင်ကျပ်ကျဆင်းသည့်အတွက် တောင်သူများအရှုံးနှင့်ရင်ဆိုင်နေရပြီး အခက်အခဲကြုံနေရသည်၊၊

“ဟိုတစ်နေ့သူများသွားရောင်းတာ ဈေးနှုန်းကဒီအတိုင်းပဲဆက်ဖြစ်နေမယ်ဆိုရင်တော့ ရှုံးတယ်ပြောရမှာပေါ့၊ အခုကကုန်ဈေးနှုန်းတွေကလည်းစစရာရာဈေးတက် အရင်းအနှီးလည်းကြီးတယ်လေ” ဟု ဟိုပုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သနပ်ဖက်အတွက် လိုအပ်သည့် ထင်း၊ လှော်ရာတွင်အသုံးပြုသည့်စောင်၊ မြေဩဇာ၊ ဖျန်းဆေးစသည်တို့သည် (၃)ပုံတစ်ပုံကျော်ဈေးနှုန်းတက်သွားပြီး နေ့စားခသမားခေါ်ယူရာတွင်လည်း တစ်ရက်ကိုတစ်ယောက်(၁)သောင်းခွဲပေးနေရသောကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်ဟု ၎င်းကပြောသည်။

“အခက်အခဲတွေကတော့များပါတယ် ကျွန်တော်တို့စိုက်တဲ့သနပ်ဖက်ဈေးနှုန်းကနဲပြီး တစ်ခြားကုန်ဈေးနှုန်းတွေက စစရာရာဈေးတက်နေတော့လေ ပြီးတော့အရင်နှစ်ဆို နေ့စားသမားခေါ်ရလွယ်တယ် အခုဆိုလူငယ်လူရွယ်တွေက နိုင်ငံခြားအကုန်ထွက်သွားကြတော့ အလုပ်သမားနဲတဲ့အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်” ဟု၎င်းကဆက်ပြောသည်။

ရှမ်းတောင်တွင် ကုန်ကြမ်းအဖြစ်သနပ်ဖက်ထွက်ရှိသော်လည်း ကုန်ချောဆေးပြင်းလိပ်ပြုလုပ်ရန် မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ တို့ဘက်မှအများဆုံး လာရောက်ဝယ်ယူကြပြီး လက်ရှိတွင်ထိုဒေသများ၌ တိုက်ပွဲဖြစ်ပွါးနေသည့်အတွက် လာရောက်ဝယ်ယူသူနည်းပါးပြီး သနပ်ဖက်ဈေးကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်၊၊

သနပ်ဖက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်၊ ညောင်ရွှေ၊ ပင်းတယ စသည့်နေရာဒေသများတွင် စိုက်ပျိုးကြပြီး လူအင်အားလိုအပ်သည့်စိုက်ပျိုး ထုတ်ကုန်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

#PPV007
#လူ့အခွင့်အရေး
#ကုန်ဈေးနုန်း
#သနပ်ဖက်ဈေး
#ဈေးကျဆင်း
#ရှမ်းပြည်နယ်တောင်ပိုင်း

Leave a Reply

Your email address will not be published. Required fields are marked *