ခမ်းသားငေါဝ်း
ဩဂုတ် ၂၀၊ ၂၀၂၄

ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် သွားလာ‌ရေးအခက်အခဲများဖြစ်နေရသည်ဟု ဩဂုတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဆော့တော့ရွာအရှေ့ဘက်ခြမ်းတွင် ဩဂုတ်လ(၁၉)ရက်နေ့မှစကာ ဝစစ်သားများကလမ်းပိတ်ထားလိုက်ခြင်းကြောင့် ဒေသခံများက သွားလာရေးအတွက်နှင့် စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေရသည်။

“အခုဝစစ်သားတွေက လမ်းပိတ်လိုက်ပြီ လုံးဝဖြတ်သွားလို့မရတော့ဘူး၊ (၃)ရက်ယာယီပိတ်မယ်တော့ပြောတာပဲ ဘာကြောင့်လမ်းပိတ်လိုက်တာလည်းဆိုတာတော့ မသိရဘူး၊ ဆော့တော့ရွာအရှေ့ဘက်မှာ (၃)နေရာတောင်သူတို့နေရာယူပြီးပိတ်ထားတာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဝစစ်သားများမှ လမ်းများပိတ်ပင်လိုက်ခြင်းကြောင့် ဒေသခံတောင်သူများ အရေးကြီးဖြတ်သန်းသွားလာရန် လိုပါကအခက်အခဲဖြစ်စေပြီး ခြံသို့အလုပ်သွားလုပ်ရန်အတွက်လည်း အခက်အခဲဖြစ်စေကြောင်း သိရသည်။

“သူတို့အခုလိုပိတ်ထားတော့ အခက်အခဲဖြစ်တာပေါ့ ကားဆိုင်ကယ်နဲ့မဟုတ်ရင်သွားလို့ရတယ်ပြောတာပဲ၊ ဒါပေမဲ့ဘယ်သူ့မှလည်းမသွားရဲကြဘူး၊ သူတို့ပိတ်တဲ့နေရာနား ခြံရှိတဲ့လူဆိုရင်လည်း ခြံသွားရင် လမ်းအတိုင်းတောင်မသွားရဘူး၊ (၃)ရက်ပိတ်မယ်ပြောပေမဲ့ ဘယ်နှရက်ကြာမယ်ဆိုတာ မသိနိုင်ဘူးလေ” ဟု၎င်းကဆက်ပြောသည်။

မိုင်းပျဥ်းတိုက်နယ်အတွင်းတွင် စစ်ကောင်စီတပ်၊ ဝစစ်သားနှင့် SSPPစစ်သားများ ရှိနေပြီး ယခုလိုလမ်းရုတ်တရက်ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

#PPV007
#လူ့အခွင့်အရေး
#ဟိုပုံးမြို့နယ်
#မိုင်းပျဥ်းတိုက်နယ်
#ဆော့တော့ရွာ
#ဝစစ်သားများ
#လမ်းပိတ်

Leave a Reply

Your email address will not be published. Required fields are marked *