ခမ်းသားငေါဝ်း

ဩဂုတ် ၂၀၊ ၂၀၂၄

လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်ဩဂုတ်လ ၁၈ ရက်နေ့ ၌ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့တွင် လားရှိးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က လူထု တွေ့ဆုံပွဲများပြုလုပ်ပြီး ပြည်သူတို့၏ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်၊ ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လားရှိုးမြို့ လူထုတွေ့ဆုံပွဲများ ကျင်းပစဥ်ရှင်းပြခဲ့သည်။

လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ အကြီးအကဲ/ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်း ရေးမှူး Mr. Li Xinhai က လားရှိုးတွင် စစ်မှုမထမ်းမနေရအဖြစ် လူငယ်များကို စစ်သား စုဆောင်းခြင်း လုံးဝမရှိကြောင်း၊ မဟာ မိတ်တပ်သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်နေကာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်း ကိုလည်းရှင်းပြပေးခဲ့သည်။

လက်ရှိတွင် မလိုလားအပ်သော ကောလာဟလများကို ဖြန့်ကျက်ပြီး လူထုက နားလည်မှုလွဲကာ ယင်းစကားကို နားမထောင်ဘဲ မဟာမိတ်တပ်ကို ကြောက် လန့်စရာမလိုအပ်ကြောင်း၊ ပြည်သူ့လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ Mr. Li Xinhai က မဟာမိတ်တပ်သည် မြို့တွင်းဝင်ရောက်ပြီးနောက် ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည် တို့ကို အရှိန်မြှင့်နှိမ်နင်းခဲ့ကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်၊၊

တစ်ချိန်တည်းမှာပင် အထူးဒေသ(၁) ရဲတပ်ဖွဲ့၏ လုံခြုံရေးအဖွဲ့ တည်ရှိမှုသည် မြို့ပြလုံခြုံရေးကို များစွာ တိုးတက်ကောင်းမွန်စေသော်လည်း လားရှိုးမြို့တစ်မြို့လုံးအတွက် လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ၊ ထို့ကြောင့် လားရှိုးမြို့သူမြို့သားများအား တရားမ၀င် မှုခင်းမျိုးစုံကို ဖော်ထုတ်တင်ပြ တိုင်ကြားရန်၊ လားရှိုးမြို့လူထုလုံခြုံရေးလုပ်ငန်း များကို ပူးပေါင်းထိန်းသိမ်းရန် တိုက်တွန်းပြောဆိုသည်။

လားရှိုးမြို့ပေါ်ရှိ ကွန်ရက်ဆက်သွယ်ရေးပြဿနာအတွက် ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ရန်နှင့် ဒေသခံများကို အခမဲ့အသုံးပြုခွင့်ပေးရန် ညွှန်ကြားထားကြောင်း MNDAA က ရှင်းလင်းပြောဆိုသည်။

လားရှိုးမြို့သူမြို့သားများ အနေဖြင့် မိမိတို့၏မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိနိုင်စေရေးနှင့် လားရှိုးမြို့၏ လက်ရှိအခြေအနေကို အင်တာနက်မှတစ်ဆင့် အသိပေးနိုင်စေရန် မျှော်လင့်ကြောင်း၊ ထို့ပြင် မြို့ပြဆက်သွယ်ရေးကွန်ရက်ကို အမြန်ဆုံးပြန် လည် ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များသည် ကွန်ရက်ဆက်သွယ်ရေးကိရိယာအချို့ကို ပြုပြင်လျက်ရှိရာ ယခုအခါ လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ မှာ “MYTEL” ကွန်ရက် ဆက်သွယ်မှုကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV0012
#စစ်ရေး
#လူ့အခွင့်အရေး
#လားရှိုး
#လူငယ်များကိုစစ်သားစုဆောင်းခြင်း
#စစ်မှုမထမ်းမနေရသတ်မှတ်ခြင်း
#လုံး၀မပြုလုပ်
#MNDAA

Leave a Reply

Your email address will not be published. Required fields are marked *