ခမ်းသားငေါဝ်း

ဩဂုတ် ၂၀၊ ၂၀၂၄

သီပေါမြို့တွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသြဂုတ်လ(၂၀)ရက်တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ဦးထိမှန်သေဆုံးသွားခဲ့ဟု TNLA က ဆိုထားသည်။

အလားတူ ဩဂုတ် ၁၉ ရက်နေ့လည် (၁၁း၃၀)အချိန်တွင်လည်း သီပေါမြို့ ကျောက်စုရပ်ကွက်ရှိ AAA ၏ ဆီသိုလှောင်ကန်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာ PSLF/TNLA ၏ သီပေါမြို့မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပြည်သူလူထုများ အချိန်မှီဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုအပြင် သီပေါမြို့နယ် နမ့်လန်တွင် သြဂုတ်လ ၁၆ ရက်နေ့၌ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁) ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံးပျက်စီးသွားခဲ့ကြောင်းသိရသည်။

သီပေါမြို့တွင် သြဂုတ်လ(၁) ရက်နေ့မှ (၁၉)နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၄) ဉီးသေဆုံးပြီး (၄၂) ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#လူ့အခွင့်အရေး
#မှုခင်း
#သီပေါ
#စက်သုံးဆီသိုလှောင်ကန်
#မီးလှောင်မှု
#နမ့်လန်ရွာ
#နားမုံးရပ်ကွက်

Leave a Reply

Your email address will not be published. Required fields are marked *