ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊ ၂၀၂၄

ဆီဆိုင်တွင်ဈေးလာဝယ်သည့် လွယ်ခြယ်ရွာသား(၃)ဦး ဆီဆိုင်မြို့အဝင်ဂိတ်၌စောင့်သည့်ရဲများက ဖမ်းဆီးပြီးငွေဖြင့်ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံပြောပြချက်အရ ဩဂုတ်လ(၁၅)ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တောင်ရှေ့ကျေးရွာအုပ်စု လွယ်ခြယ်ရွာသား(၃)ဦးသည် ဩဂုတ်လ(၁၀)ရက်နေ့က ဆီဆိုင်မြို့သို့ဈေးဝယ်သွားပြီး အပြန်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ထော်လာဂျီပေါ်၌ အရက်ဘီယာများသယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည်။

“အရက်ဘီယာပါလို့တဲ့ ပြီးတော့ထော်လာဂျီကော်ဈေးမှာဝယ်လာတဲ့ပစ္စည်းတွေရော သူတို့(ရဲစခန်း)စခန်းထဲမောင်းခေါ်တယ် ရွာကသူကြီးက သူတို့ကိုလွတ်ပေးဖို့ ရိုးရိုးသားသားဈေးရောင်းတာဖြစ်တယ်လို့ပြောတာကို ချက်ချင်းမလွတ်ပေးဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရဲတပ်ဖွဲ့ဖမ်းသွားသည့်ရွာသားများကို ထိုနေ့တွင်ချက်ချင်းမလွတ်ပေးပဲ ဩဂုတ်လ(၁၃)ရက်နေ့မှ ပိုက်ဆံ(၃)သိန်းနှင့် လက်ဆောင်ပစ္စည်းများပေးပြီးမှသာ ပြန်လွတ်ပေးကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့ရွာသားတွေက အခုစစ်ကာလမှာ ရွာမှာစားစရာလည်းမရှိတော့လို့ ဈေးဝယ်သွားတိုင်း အဲ့လိုတွေစစ်တယ် သေနတ်တွေကျည်ဆံတွေလည်းပါမလာပဲနဲ့ သူတို့ကရစ်တော့ ရွာကလူတွေ ဈေးသွားဝယ်ရမှာတောင်ကြောက်နေကြပြီ အခုကနောင်ကျောမှာလည်းစစ်တယ် ဆီဆိုင်မြို့အဝင်မှာလည်းစစ်တယ်” ဟု၎င်းကဆက်ပြောသည်။

ဆီဆိုင်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါ စစ်ကောင်စီတပ်သားနှင့် လက်အောက်ခံရဲများရှိနေပြီး ဖြတ်သန်းသွားလာသည့်ပြည်သူများကို တင်းကြပ်စွာစစ်ဆေးမှု ပြုလုပ်နေသဖြင့် ဒေသခံများအတွက် အခက်အခဲဖြစ်နေရကြောင်းသိရသည်။

#PPV007
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့အဝင်ဂိတ်
#လွယ်ခြယ်ရွာ
#ဖမ်းဆီးငွေညစ်
#ဆီဆိုင်ရဲစခန်း

Leave a Reply

Your email address will not be published. Required fields are marked *