ခမ်းသားငေါဝ်း

ဩဂုတ် ၁၅၊ ၂၀၂၄

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း KNU ဗဟိုက သြဂုတ်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သြဂုတ်လ (၁၀) ရက်နေ့ ည (၈) နာရီခွဲခန့်တွင် လက်နက်ကြီး (၁) လုံးပစ်ခတ်ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ငါးရှာနေသည့် မုက္ခမော့ရွာသား မောင်ဝေယံနိုင်မှာ လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ (၅)ရက်နေ့ နံနက် (၉)နာရီခန့်တွင် စစ်ကောင်စီတပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်စခန်းမှ လက်နက်ကြီး (၁)လုံးပစ်ခတ်ရာ ကရဝေးဆိပ်ရွာစာသင်ကျောင်းဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ ကော့ကရိတ် မြို့နယ်အတွင်း စစ်ကောင်စီတပ် စွယ်တော်ကုန်း တပ်စခန်းမှ ဩဂုတ်လ (၉)ရက်နေ့ ညနေပိုင်းတွင် (၈၁)မမ လက်နက်ကြီး (၁)လုံးကို ထီးမူးထကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကလေးငယ် (၁)ဦး သေဆုံးပြီး ကလေးငယ် (၂)ဦး အပါအဝင် ပြည်သူလူထု (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ကျိုက်ထို မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျောက်တန်းလေးရွာရှိ နေအိမ် (၂)လုံးအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်ထားသည်။

PPV003
ဓာတ်ပုံ-KNU(ဗဟို)
#လူ့အခွင့်အရေး
#ကရင်ပြည်
#ကော်သူးလေ
#ကေအဲန်ယူ

Leave a Reply

Your email address will not be published. Required fields are marked *