ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊ ၂၀၂၄

ဆီဆိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်အောင်ရွာနေ မွိုးစွန်နှင့် သားဖြစ်သူခွန်မောင်ပေးသည် သြဂုတ်လ ၁၄ ရက် ခြံသွားချိန်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်လက်နက်ကြီးပစ်ခတ်ခြင်းကြောင်း ထိမှန်ပြီး မိခင်ဖြစ်သူမှာ ပွဲချင်းသေဆုံးပြီး သားဖြစ်သူသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိခင်ဖြစ်သူတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ ပွဲချင်းသေဆုံးတယ်။ သားဖြစ်သူလည်းဒဏ်ရာတော်တော်ပြင်းထန်တယ် စိုးရိမ်ရတဲ့အနေအထားရှိတယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် အသက် ၃ နှစ်အရွယ် ကလေးငယ်ကိုမူ ဒေသခံများ၏ အကြောင်းကြားလာမှုကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့မှ သွားရောက်ကယ်ဆယ်ခဲ့ပြီး ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း ၄င်းကဆက်ပြောသည်။

ပန်အောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်သလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာလည်းမဟုတ်ဘဲစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က တမင်သက်သက် ကျေးရွာများ ဒေသခံပြည်သူလူထုများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း PNLA ထုတ်ပြန်ချက်တွင်ပြောထားသည်။

#PPV005
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#ပန်အောင်ကျေးရွာ
#လက်နက်ကြီးထိမှန်
#အမျိုးသမီးတစ်ဦးသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *