ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၄

တောင်ကြီးမြို့မြောက်ဘက်တကြောတွင် ယခုရက်ပိုင်းအတွင်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်က တစ်အိမ်တစ်သောင်းနှုန်းဖြင့် ဆက်ကြေးကောက်ခံ နေကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးကပ်ရက် မြောက်ဘက်တကြောကျေးရွာများတွင် RCSS/SSA တပ်ဆက်ကြေးကောက်ခံသည့် တစ်အိမ်တစ်သောင်းကို ထည့်ပေးလိုက်ရပြီ ဟုသိရသည်။

‘’ တစ်အိမ်တစ်သောင်းက အိမ်ခြေနည်းတာမဟုတ်ဘူး ဒီပိုက်ဆံကသူတို့ရသွားပြီ မထည့်လို့လည်းမရဘူး၊ ရွာတာဝန်ခံကိုခေါ်အစည်းဝေးလုပ်ပြီး ကောက်တာ၊ သူတို့စစ်သားတွေ ရွာအနီးအနားမှာ ရှိနေတယ်”ဟု မိုင်းသော်အရှေ့အုပ်စု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆက်ကြေးလာကောက်သည့် စစ်သားသည် တချို့က အရပ်ဝတ်နှင့်လာသည့်အတွက် SSPP အဖွဲ့ဟုလည်း ဒေသခံအချို့ကို ထင်ယောင်ထင်မှားသတင်းဖြန့်နေကြောင်းသိရသည်။

ကွန်လုံကျေးရွာအုပ်စု ဒေသခံတစ်ဦးကလည်း ‘’တကယ်တော့ ပြောက်ကျားစစ်သားတွေပါ၊ SSPP လား RCSS လားမသိပေမယ့် ပြောက်ကျားဝတ်စုံနဲ့ဆို့တော့ RCSS လို့ပဲထင်တယ်၊ ကျွန်မတို့ ရွာတစ်အိမ်တစ်သောင်းပေးလိုက် ရပြီလေ။ ကျေးရွာအုပ်စု တစ်စုတစ်စုမှာ အိမ်ခြေမနည်းဘူး အိမ်ထောင်စုတိုင်းကို ပေးရတယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး RCSS/SSA တပ် တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ ပါ။

ဒေသခံများသည် စိုက်ပျိုးရေးလုပ်ကိုင်စားသောက်သည့် တောင်သူများဖြစ်ကြပြီး စိုက်ပျိုးရာသီဖြစ်သည့်အတွက် အခက်ခဲဖြစ်စေကြောင်းသိရသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း တောင်ကြီးမြိုနယ် ညောင်းစဲဉ်းနဲ့ ရေပုတ်ရွာအပြင် ရပ်စောက်မြိုနယ် လဲလောင်းနဲ့ မုဲတွိုင်တမွူးရွာတို့တွင်လည်း ကောက်ခံပြီးပြီဖြစ်ပြီး၊ ယခုတွင် မိုင်းသော်ကျေးရွာ အုပ်စု၊ ကွန်လုံကျေးရွာအုပ်စုအထိ ထပ်မံကောက်ခံနေကြောင်းသိရသည်။

photo tai freedom

#ppv002
#RCSS
#Humanright
#ဆက်ကြေးကောက်၊
#တောင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *