ခမ်းသားငေါဝ်း
ဩဂုတ် ၁၄၊ ၂၀၂၄

ဆီဆိုင်တွင် PDF ဟုစွပ်စွဲပြီး PNO မှအပြစ်မဲ့လူငယ်သုံးဦးအား ဖမ်းဆီးပစ်သတ်စဉ် သုံးဦးထဲမှတစ်ဦးမှာ ပစ်သတ်သူ၏ ဆွေမျိုးဖြစ်နေသည့်အတွက် ငွေငါးသိန်းနှင်ရွေးပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်ထမ်းခိုင်းနေကြောင်း ဒေသခံထံကသိရသည်။

ယခုဩဂုတ်လ ပထမပတ်အတွင်း PNO ပြည်သူ့စစ်ကအပြစ်မဲ့သည့် လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး ဖမ်းဆီးကာ တောထဲရှိချောက်နက်ထဲတွင် အဝတ်မဲဖြင့်မျတ်နှာကိုအုပ်ထားပြီး နှစ်ဦးအားပစ်သတ်အပြီး ကျန်သည့်တစ်ဦးအား ပစ်သတ်ခါနီး ပစ်သတ်သည့်သူ PNO တပ်ဖွဲ့ဝင်စံမြဆိုသူက မျတ်နှာကိုဖွင့်ကြည့်ရာ ဆွေမျိုးတော်စပ်နေသည့် ကျပ်မပြည့်သည့် အပြစ်မဲ့လူငယ်ဖြစ်နေသည့်အတွက် ပြန်လွတ်ပေးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းနေသည်။

“သူကကျပ်မပြည့်ဘူးလေ စကားလျှောက်ပြောပြီးအမှားလို့လားမသိဘူး အဖြူစစ်သားကဖမ်းသွားတာ ပြီးတော့ စံမြနဲ့သတ်ခိုင်းတာ နှစ်ယောက်ကိုတော့ပစ်သတ်ပြီးပြီ ဘယ်ကကလေးတွေလည်းတော့မသိဘူး အာ့နှစ်ယောက်က သူ့ကိုပစ်ခါနီးကျတော့ မျတ်နှာဖွင့်ကြည်မိလို့ သူအမျိုးဖြစ်နေတာနဲ့ မသတ်ဖြစ်ဘူး ကလေးရဲ့အဖေကိုငွေငါးသိန်းပေးပြီးသွားရွေးဆိုလို့ ပြန်လွတ်လာတာ ငွေငါးသိန်းကို ပြန်ဆပ်ဖို့အခက်ခဲရှိတော့ စစ်သားလုပ်ခိုင်းနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးစဉ် ဆွေမျိုးဖြစ်သူကမပါဝင်ခဲ့ပဲ မျတ်နှာအားအဝတ်မဲနှင့်အုပ်ကာ ချောက်နက်ထဲထားပြီး လက်မရွံ့သမားမို့ ပစ်သတ်ရန်တာဝန်ပေးခံရခြင်းဖြစ်ကြောင်း ပြန်လွတ်သူသည် အသက် ၂၀ ကျော်အရွယ် ကျပ်သိပ်မပြည့်ပေမယ့် မိသားစုတွင် သားအဖနှစ်ယောက်သာရှိကြောင်း ဖခင်ဖြစ်သူသည်အိုမင်းနေသည့်အတွက် ဖခင်အပေါ်တွင် လိမ္မာသည့်သား အားကိုးအားထားရသည့် လူငယ်ဖြစ်ကြောင်းသိရသည်။

နောက်ဒေသခံတစ်ဦးကလည်း “သူတို့ကဆင်ရဲတယ် အိမ်ဝိုင်းတော့ရှိတယ် အိမ်ဝိုင်းကိုပေါင်တာတို့ ရောင်းတာတို့ဖြစ်ဖြစ် ကလေးကိုစစ်ထဲကနေပြန်ရွေးသင့်တယ် သူကအသက်ကြီးနေပြီ ဒီကလေးပဲအားကိုးရတာ ကလေးကစစ်သင်တန်းလည်းမတတ်ဖူးဘူး ခုပဲသေနတ်ပေးအဝတ်ပေးနဲ့ ရှေ့တန်းထွက်လို့သေရင် သနားစရာ”ဟု ပြောသည်။

တော်လှန်ရေးအဖွဲ့များက စစ်တိုက်နေရင်းဖမ်းမိထားသည့် သုံ့ပန်းများအား မသတ်ပဲကောင်းကောင်းကျွေးမွေးပြီး ပြန်လွတ်လာပေးတာရှိပေမယ့် PNO ပြည်သူ့စစ်ကအပြစ်မရှိသည့် ပြည်သူများအား သံသယရှိရုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် ပအိုဝ်းဒေသတွင် မကြာခနဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီး ပအိုဝ်းဒေသတွင် ကျပ်မပြည့်သည့်သူ၊ ငွေလွဲဝန်ဆောင်မှုလုပ်သူ၊ ပရဟိတတက်ကြွလှုပ်ရှားသူ PNO အား အားမပေးသူ ဆန့်ကျင်သူ အပါအဝင် အမြင်မတူသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူများသည် လူဦးရေဆယ်နှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

PPV001
#PDF
#အပြစ်မဲ့လူငယ်
#သံသယရှိရုံဖြင့်ဖမ်းဆီးသတ်ဖြတ်
#PNO
#ဆီဆိုင်
#တောထဲချောက်နက်ထဲ

Leave a Reply

Your email address will not be published. Required fields are marked *