ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၄

ပင်းတယမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ် စစ်မှုထမ်းခေါ်ရာ ရွာခံလူငယ်မလိုက်နိုင်ခြင်းကြောင့် လူငှားရန် တစ်အိမ်ကို ငွေနှစ်သိန်းခွဲကောက်ခံနေကြောင်း ဒေသခံကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းလီကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ ခေါ်သည့် စစ်မှုထမ်းအတွက် မဲနိုက်ခြင်းအစီစဉ်ကို ဒေသခံရွာသားများကလက်မခံသဖြင့် အစည်းအဝေးလုပ်ပြီး စစ်မှုထမ်းအတွက်လူငှားရန် ငွေကြေးကောက်ခံခြင်းများပြုလုပ်နေ သည်။

‘’ရွာခံတွေက စိုက်ပျိုးရေးဖြစ်တဲ့ ပြောင်းနဲ့ ဆန်စပါးတွေပဲစိုက်ပျိုးကြတယ်၊ အခုစပါးစိုက်ချိန် ပြောင်းတွေ စိုက်ထားတာဆိုတော့ ရွာခံတွေမပြေလည်ကြဘူး အခက်ခဲဖြစ်ကြတယ်၊ သဘောမတူသဘောမကျပေမယ့် ပြန်မပြောရဲကြဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်မှုထမ်းအတွက်လူငှားရန် ငွေကြေးကောက်ခံမှုကို သြဂုတ်လကုန်ထိ နောက်ဆုံးထားပေးဆောင်ရမည်ဟု ပြောဆိုထားကြောင်းသိရသည်။

ယခင်အခေါက်များတွင်လည်း စစ်မှုထမ်းခေါ်ချိန် ရွာခံများက မသွားနိုင်သည့်အတွက် တစ်အိမ်ကို နှစ်သောင်းကျပ် ကောက်ခံပြီးထည့်ပေးခဲ့ရပြီဖြစ်ပြီး ယခုတဖန်ပြန်ကောက်ရာတွင် အလွန်များသည့်အတွက် ဒေသခံများမတတ်နိုင်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းခေါ်ယူရာတွင် အမှတ်စဉ်(၄) အထိရှိပြီဖြစ်ပြီး အမှတ်စဉ်(၅) အတွက် ခေါ်ယူရန်ပြင်ဆင်နေကြောင်းသိရသည်။

#ppv002
#Humanright
#ပင်းတယ
#စစ်မှုထမ်းဥပဒေ
#စစ်ကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *