ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ဇူလိုင်လအတွင်း အရပ်သားပြည်သူသေဆုံးမှု (၉၀)ဦးရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဩဂုတ်လ(၁၃)ရက်နေ့ ထုတ်ပြန်ထားသည်။

ရှမ်းမြောက်တွင် ဇွန်လ(၂၅)ရက်နေ့မှစကာ “၁၀၂၇စစ်ဆင်ရေး” ဒုတိယတစ်ကျော့ပြန်လည်စတင်ခဲ့ပြီး ဇူလိုင်လအတွင်း ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နောင်ချို၊ သီပေါ၊ သိန္နီစသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၉၀)ဦးသေဆုံးခဲ့ရပြီး (၈၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရပ်သားထိခိုက်သေဆုံးမှုများအပြင် အရပ်သားနေအိမ်များ၊ ဈေးများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို စစ်ကောင်စီတပ်က ဦးတည်တိုက်ခိုက်မှုများရှိနေသည့်အတွက် ပျက်စီးဆုံးရှုံးမှုလည်းများခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ(၅)ရက်နေ့တွင် တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့သို့ ပေါင်(၅၀၀)ရှိ ဗုံးသီး(၄)လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ(၅)ဦးသေဆုံးခဲ့ရပြီး (၁၂)ဦးဒဏ်ရာရရှိကာ ကွတ်ခိုင်မြို့မဈေးဆိုင်ခန်းပေါင်း (၄၀၀)ကျော်နှင့် ပြည်သူနေအိမ် (၅)လုံးထက်မနဲ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဆိုထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်( )နှင့် ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ရရှိပြီးသည့်နောက်တွင်လည်း စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုပိုဆိုးရွားလာခဲ့ပြီး ၎င်းတို့အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများဖြင့် လူစည်ကားရာနေရာသို့တိုက်ခိုက်ခဲ့သည့်အပြင် လူအများအိပ်စက်နားနေချိန်တွင်လည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုပိုမိုများလာရကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV007
#လူ့အခွင့်အရေး
#ရှမ်းမြောက်
#ဇူလိုင်လအတွင်း

Leave a Reply

Your email address will not be published. Required fields are marked *