ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊၂၀၂၄

ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်ထဲဝင်မှရွာပေးပြန်မည်ပြောသဖြင့် ဒေသခံများကအခက်အခဲဖြစ်နေရကြောင်း ဩဂုတ်လ(၁၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဇွန်လနောက်ဆုံးပတ်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံများစစ်ဘေးတိမ်းရှောင်နေခဲ့ရပြီး ယချိန်ထိနေရပ်ပြန်ရန်အခက်ခဲရှိနေ ကြောင်းသိရသည်။

“သူတို့က စစ်သင်တန်းမတက်ရင်ရွာပေးမပြန်ဘူးပြောတော့ အများစုကတက်လိုက်ရတယ်၊ ရွာသားတွေရဲ့ဆန္ဒမပါပဲ သူတို့ကစစ်မဝင်ရင်ရွာပေးမပြန်ဘူးပြောလို့ လိုက်လုပ်နေရတာ၊ သင်တန်းကတခါးယဥ်ရွာမှာ (၃)ရက်သွားတက်ရတယ်၊ ရွာထဲကလူအကုန်နီးပါးလည်း စစ်သင်တန်းတက်ပြီးကြပြီ အခုတော့သူတို့ကရွာမှာ ဂိတ်စောင့်ခိုင်းတာ” ဟုဆောင်းပြောင်းရွာဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုချိန်တွင်ဆောင်းပြောင်းဒေသခံအနည်းစုသည် နေအိမ်သို့ပြန်လည်နေထိုင်နေကြပြီး အချို့သည် မိန်းမနှင့်မွေးကင်းစကလေး(၃)လလောက်သာရှိသော်လည်း စစ်သင်တန်းတက် ဂိတ်သွားစောင့်ပေးနေရသဖြင့် အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း ၎င်းကပြောသည်။

“ရွာသားတွေကတော့အဓိကရွာမှာ ပြန်နေရဖို့ပဲပြောကြတယ်၊ အကုန်လုံးကအိမ်ပြန်ချင်ကြတာပေါ့ စစ်ရှောင်ရတာကြာလာတော့ စားဝတ်နေရေးအတွက်အဆင်မပြေ ပိုက်ဆံကလည်းနေ့တိုင်းအထွက်ပဲ ရှိတော့တယ်အလုပ်မရှိတော့ အခုရွာပြန်တာကလည်း ခြံမသွားရရင်မထူးဘူးလေနော် နောက်နှစ်က ဘာနဲ့စားကြမှာဒီအတိုင်းဆို၊ ဒီဟာကြီးကိုအမြန်ဆုံးပြီးချင်ပြီ အိမ်လည်းအရမ်းပြန်ချင်နေပြီ” ဟု၎င်းကဆက်ပြောသည်။

ရွာပြန်ပြီးအသက်အရွယ်ရယောက်ျားလေးများက စစ်သင်တန်းတက်ပြီး ဆောင်းပြောင်းရွာတွင်မက အခြားကျေးရွာများတွင်လည်း ဂိတ်သွားစောင့်ပေးနေရကြောင်းဒေသခံထံမှသိရသည်။

#PPV007
#humanright
#ပင်လောင်း
#အဓမ္မ
#စစ်သင်တန်း
#ဆောင်းပြောင်း

Leave a Reply

Your email address will not be published. Required fields are marked *