ခမ်းသားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၄

မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူထားကြောင်း TNLA မှယနေ့ညတွင်သတင်းထုတ်ပြန်ထားသည်။

မိုးကုတ်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်နေစဥ် မြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုဆိုသည်။

ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် တရားမဝင်ကျောက်တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်များ၏ သွားလာလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း ​စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူများနှင့် ရပ်ရွာအတွင်း မူးယစ်ရမ်းကားသူများလည်းပါဝင်သည်။

PSLF/TNLA သည် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေးနှင့် မိဘပြည်သူလူထုများ အေးချမ်းစွာနေထိုင်စေရေး၊ မြို့နယ်အေးချမ်းသာယာစေရေးအတွက် ခိုးဆိုးလုယက်မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် လုပ်ဆောင်နေကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား ဇွန်လ(၂၅)ရက်နေ့တွင် PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့တွင် စစ်ကောင်စီတပ်များအား ရှင်းလင်းနိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

photo PSLF/TNLA
#ppv002
#မိုးကုတ်
#ပြစ်မှုကျူးလွန်သူ
#ဖမ်းဆီး

Leave a Reply

Your email address will not be published. Required fields are marked *