ခမ်းသားငေါဝ်း
ဩဂုတ် ၁၂၊ ၂၀၂၄

ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့်၊ မိုင်းယန်းအုပ်စုရှိ ရွာသားများကို SSPP/SSA တပ်ဖွဲ့များက ကင်းစောင့်ရန် ပြောကြောင်း ဩဂုတ် ၁၂ ရက်တွင် ဒေသခံထံက စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့် မိုင်းယန်းအုပ်စု ကျေးရွာရှိ ရွာသားများကို တစ်ရက်လျှင် တစ်ယောက် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတပ်စွဲထားသည့်နေရာတွင် ကင်းစောင့်ရန် ပြောကြောင်း ရွာသားများထံမှ သတင်းရရှိသည်။

“ငါတို့က ဘာမှမတတ်နိုင်ဘူးလေ ၊‌ပြောလာတဲ့အတိုင်းလုပ်ရုံဘဲရှိတယ်။ ကြာရင် စစ်တန်းသွားရမှာကိုတော့ ကြိုတွေးပြီး စိတ်ပူတာရှိတယ်။ မဖြစ်လာရင်တော့ ကောင်းတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာကြီးဖြစ်လျှင် တစ်ရက် ၈ ယောက် ကင်းစောင့်ရန်နှင့် ရွာရှိ လူကြီးများက ဗုံးခိုကျင်း တူးထားကြရန် ရွာသားများကို ပြောထားကြောင်း သိရသည်။

ထို့ပြင် ဝမ်စိမ်းရွာတွင် SSPP/SSA တပ်ဖွဲ့များအား လမ်းပြပေးရန် ဒေသခံများကို တစ်ပတ်လျှင် ၃ ယောက်လောက် သွားရပြီး ရက်သတ္တပတ် တစ်ပတ်အကြာလောက်မှ အိမ်ပြန်လာရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လမှစ၍ မိုင်းနောင်၊ ခိုလမ် လမ်းတကျောတွင် SSPP/SSA နှင့် RCSS/SSA တို့ကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွား‌လေ့ရှိပြီး ယခုချိန်ထိ ၂ ရက် ၃ ရက်ခြားတခါ လက်နက်ကြီးသံကြားနေရပြီး ဒေသခံများ စိုးရိမ်ပူပန်မှု ရှိနေကြောင်းသိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျေးသီးမြို့
#SSPP
#ရှမ်းပြည်တိုးတက်ရေးပါတီ
#ကင်းစောင့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *