ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊ ၂၀၂၄

တောင်ကြီးမြောက်ဘက်နှင့် ရပ်စောက်မြို့နယ်ရှိကျေးရွာတစ်ချို့တွင် RCSS/SSA က ဆန်တစ်အိတ်အတွက်ဟုဆိုကာ ဆက်ကြေး တစ်အိမ်တစ်သိန်းကောက်ခံမှုရှိနေကြောင်း ဩဂုတ် ၁၁ ရက်နေ့တွင်ဒေသခံထံက သိရသည်။

တောင်ကြီးမြောက်ဘက် ညောင်းစဲဉ်းရွာ၊ ရေပုတ်ရွာနှင့် ရပ်စောက်မြို့နယ်ရှိ လဲလောင်းရွာ၊ မုဲင်းတွိုင်တမွူးရွာတို့တွင် ဆန်တအိတ်အတွက်ဟုဆိုကာ ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တစ်အိမ်လျှင်တစ်သိန်းကျပ် ကောက်ခံနေသည်။

“ကြားကောင်းအောင်လို့ ဆန်တောင်းတာပေါ့ တအိတ်ဆိုပြီး ငွေတစ်သိန်းကျပ်နဲ့ဖြတ်ပြီး ထည့်ကြရတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုသို့ကောက်ခံခြင်းကြောင့် ရွာသားများအနေနှင့်တခြားလုပ်စရာများအား နောက်မှာထားခဲ့ပြီးဦးစားပေးထဲ့ကြရကြောင်း ၎င်းကဆက်ပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း “မြေဩဇာဝယ်ရမှာကို ခြံထဲမြေဩဇာမထည့်ရတော့ပဲ သူတို့အတွက်ထည့်ပေးရတယ်တစ်ချို့က ငွေတိုးယူပြီးထည့်ရတာလည်းရှိတယ်”ဟုပြောသည်။

ရပ်စောက်မြို့နယ် ဆက်သေမြေမဲဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလတွင် မူးယစ်ဆေးဝါးဖြတ်ပေးမည်ဟုဆိုကာ RCSS/SSA က လူငယ်ရာချီပြီး ဖမ်းဆီးမှုများရှိခဲ့သလို ရွာထဲတွင်ဂိတ်ကဲ့သို့ဖွင့်ပြီး ဆက်ကြေးကောက်ခံမှုများရှိနေကြောင်း သိရသည်။

တောင်ကြီးမြောက်ဘက်ရှိကျေးရွာတစ်ချို့နှင့် ရပ်စောက်မြို့နယ်ရှိကျေးရွာတစ်ချို့တွင် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် PNO ပြည်သူစစ်ကလည်း ငွေကြေးကောက်ခံခြင်းအပြင် စစ်မှုထမ်းရန်ကောက်ခံမှုများရှိကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး

Leave a Reply

Your email address will not be published. Required fields are marked *