ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၄

ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင် မှ အကျဥ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၄၃ ဦးအား မိသားစုနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA ကသြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်းစစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့ ကြောင်းသိရသည်။

ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရကြောင်းသိရသည်။

ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း AA ကဆိုသည်။

ယခင်ရက်များ၌ စစ်ကောင်စီ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း အပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရ ကြောင်းသိရသည်။

ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ အကျဉ်းသား (၄၁) ဦးအား AA၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားပါသည်။

#PPV 003
#သံတွဲ
#ရခိုင်
#AA

Leave a Reply

Your email address will not be published. Required fields are marked *