ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၄

လားရှိုးမြို့တွင် ဒေသခံအများအပြား ပြန်ဝင်ရောက် နေထိုင်နေကြ ပြီးဖြစ်ကြောင်း ဩဂုတ်လ ၉ ရက်နေ့တွင် လားရှိုးမြို့ခံထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီး ယခုချိန်တွင် အရပ်သားများကိုပြန်နေထိုင်ခွင့်ပြုထားပြီဖြစ် ကြောင်းသိရသည်။

“ကျွန်တော်က ‌အသက်ကြီးတဲ့ မိဘတွေလည်းရှိတော့ တိုက်ပွဲဖြစ်ကတည်းက ဘယ်မှမပြေးဘူး၊လုံခြုံမယ်ထင်တဲ့ နေရာမှာ ‌‌ မြို့ထဲမှာဘဲ ရှောင်နေတာ။ကံကောင်းချင်တော့ လူကတော့ ဘာမှမဖြစ်ဘူး။အိမ်တော့ မရှိတော့ဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့သို့ ပစ္စည်းပြန်သွားယူသည့် ကားသမားတစ်ဦးသည်လည်း “လားရှိုးမြို့မှာ ၁၃/လရန မှ မဟုတ်ဘူး။ ဝင်၊ ထွက်လို့ရတယ်။ အစစ်အဆေးတော့များတယ်။စကားပြောတတ်ဖို့တော့လိုတာပေါ့”ဟုဆိုသည်။

လားရှိုးမြို့ရပ်ကွက်တချို့တွင် လူသေအလောင်းများလည်း ရှိပြီး၊ ယခုချိန် ဝိုင်းဝန်းသန့်ရှင်းရေး လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

လားရှိုးမြို့ထဲတွင် လက်ရှိအချိန်ထိ အင်တာနက်လိုင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ​ဖြစ်ပြီး အဆက်သွယ်လုပ်ချင်လျှင် လိုင်းရသည့်အချို့နေရာ၌ သွားသုံးရကြောင်း သိရသည်။

ပြီးခဲ့သည်ရက်ပိုင်းတွင် MNDAAက တပ်မိသားစုဝင်များကို မိသားစုတစ်စု ကျပ် ၅၀၀၀၀ ထောက်ပံ့‌ပြီး​နေရပ်ပြန်ခိုင်းသလို ၊ ယခုတွင်လည်း လားရှိုးမြို့ခံ‌များကို ထောက်ပံ့ရေး ပစ္စည်းဆန်ဆီများ ပေးပြီး လိုအပ်ချက်ကို အကူညီပေးနေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့ကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့တခုလုံးကို ထိန်းချုပ်ထားသည်။

photo credit original
#ppv011
#social
#လားရှိုး
#နေရပ်ပြန်

Leave a Reply

Your email address will not be published. Required fields are marked *