ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၄

ဆီဆိုင်မြို့အရှေ့ဘက် ထီရီးရွာတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် ရွာတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ် လေးလုံးမီးလောင်ပျက်စီးခဲ့ရ ကြောင်းဒေသခံထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီရီးရွာထဲသို့ သြဂုတ် ၈ ရက်နေ့ခင်း ၂ နာရီအချိန်တွင် လွယ်ပွတ်ရွာအထိုင်ချသည့် စစ်ကောင်စီတပ် ၄၂၃ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်။

‘’ရွာထဲကိုဘယ်သူမှမဝင်ရဲဘူး၊ လက်နက်ကြီးတွေအချိန်မရွေးကျနိုင်တဲ့အခြေအနေရှိတယ်၊ နေအိမ်လေးလုံးတော့ မီးလောင်သွားတယ်၊ လူတိရိစ္ဆာန်ထိခိုက်မှုတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့အရှေ့ဘက် လွယ်ဆောဝ်၊ ထီဆုံရွာဘက်တွင် သြဂုတ် ၆ ရက်နေ့က စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ထီရီး၊မီးရယ်ရွာအတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ် သလို၊ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပါ ပြုလုပ်နေသည်။

‘’မီးရယ်ရွာမှာ မနေ့ည ၁၀ နာရီခွဲ ဝန်းကျင်မှာ လေယာဉ်နဲ့ နှစ်ခါဗုံးလာကြဲသွားတယ်၊လောလောဆယ် ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးပါဘူး၊ တိုက်ပွဲမဖြစ်ပဲ ရမ်းသမ်းပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ဗုံးလာကြဲ တာတွေ ရပ်အောင်လုပ်ပေးကြပါ”လို့ ဒေသခံက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြစ့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူများသည် တောတောင်ထဲသို့ စစ်ရှောင်နေရပြီး မိုးကာနှင့် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၆ ရက်နေ့ညတွင်လည်း ထီရီးရွာနှင့်မီးရယ်ရွာအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

photo CJ

#ppv002
#humanright

Leave a Reply

Your email address will not be published. Required fields are marked *