ခမ်းသားငေါဝ်း
ဩဂုတ် ၈၊ ၂၀၂၄

ကရင်နီပြည်နယ်ရှိ လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးအား အသုံးပြုသွားလာခြင်းမပြုကြရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ကဩဂုတ်လ(၇)ရက်နေ့တွင် မေတ္တာရပ်ခံအသိပေးထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်နေရာများတစ်လျှောက်တွင် ဇူလိုင်လမှစကာ ယနေ့ထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မိဘပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုကြရန် KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မေတ္တာရပ်ခံ အသိပေးထားသည်။

လွိုင်ကော်မြို့တွင် ဇူလိုင်လမှစပြီး ကရင်နီပြည်တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းများအကြား မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံဒေသ၊ စိုက်ကွင်း(၃)၊ ဒေါဆန်ဘွန်းနှင့် ပန်ကန်းရပ်ကွက်/ ကျေးရွာများတစ်လျှောက် ယနေ့ထိတိုင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းမကြီးများဘေးနှင့် ရပ်ကွက်များအတွင်း ကင်းပုန်းဝပ်နေ၍ ဖြတ်သန်းသွားလာသည့် အရပ်သားပြည်သူများအား တားဆီးစစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက်ကြောင့် ယခုရက်ပိုင်းတွင် အရပ်သားလူထုများ အကြောင်းမဲ့သေဆုံးမှုများရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါရပ်ကွက်ကျေးရွာများသို့ ဝင်ထွက်သွားလာခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူခြင်းများ မပြုလုပ်ကြပါရန်လည်း ပြောဆိုထားသည်။

လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများအရ လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးအပါအဝင် လမ်းမကြီးနှင့် ဆက်စပ်နေသည့် လမ်းသွယ်များကိုပါ အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက အထူးမေတ္တာရပ်ခံ အသိပေးလိုက်သည်။

ဓာတ်ပုံ-KNDF

#PPV007
#စစ်ရေး
#လမ်းပန်းဆက်သွယ်ရေး
#လွိုင်ကော်