ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ တတိယအကြီးဆုံး တိုင်းဌာနချုပ်ဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA, TNLA နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့က အောင်မြင်စွာ သိမ်းပိုက်နိုင်သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း PNLO၊ PNFC နှင့် NMSP-AD တို့က ပူးတွဲသဝဏ်လွှာ ပေးပို့ လိုက်သည်။

‘’တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်တဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနိုင်းစစ်ဆင်ရေးနဲ့ ကျွန်တော်တို့နိုင်ငံမှာ တခါမှမရှိဖူးတဲ့ အောင်မြင်မှုပေါ့လေ စစ်ကောင်စီရဲ့ စစ်တိုင်းတွေထဲမှာ တတိယအကြီးဆုံးဖြစ်တဲ့ ရမခ တိုင်းကို အောင်မြင်စွာသိမ်းပိုက်ခြေမှုန်းနိုင်တဲ့အပေါ်မှာ ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်တာဖြစ်ပါတယ်”ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ခမ်းသားငေါဝ်းကိုပြောသည်။

ရမခ ကို တော်လှန်ရေးအင်အားစုများ သိမ်းနိုင်မှုအပေါ် လက်ရှိနွေဦးတော်လှန်ရေးအပေါ် အများကြီးသက် ရောက်မှုရှိ ကြောင်းလည်း ၎င်းက ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်ကို ယခုလိုညီညီညွတ်ညွတ်နှင့် ညှိနိုင်းပြီးစစ်ဆင်တိုက်ခိုက်မည်ဆိုလျှင် မပြိုနိုင်သည့်တပ်မဟုတ်ဘဲ ပြိုကွဲနိုင်သည် ခြေမှုန်း၍ရသည့် စစ်တပ် ဖြစ်သည်ကို တခြားတိုင်းရင်းသားတော်လှန်ရေးတပ်နှင့် တော်လှန်ရေးအင်အားစုကို နမူနာပြလိုက်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

ထို ရမခကို သိမ်းပိုက်နိုင်သည့်အပေါ် ကျန်သည့်တိုင်းရင်းသားတော်လှန်ရေးအင်အားစု၊ နွေဦးတော်လှန်ရေး အင်အားစုနှင့် ပြည်သူလူထုများကို စိတ်အားထက်သန်မှုဖြစ်ပေါ်စေပြီး နွေဦးတော်လှန်ရေးကို အမြန်ဆုံး ပြီးမြောက်ရန် တွန်းအားပေးခြင်းလည်းဖြစ်စေသည်ဟု ၎င်းက ဆက်ပြောသည်။

PNLO၊ PNFC နှင့် NMSP-AD တို့အနေဖြင့် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသည့် စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ)ကို ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့က MNDAA ပူးပေါင်းတပ်တို့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အတွင်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

#ppv002
#ရမခ
#MNDAA

Leave a Reply

Your email address will not be published. Required fields are marked *