ခမ်းသားငေါဝ်း
သြဂုတ် ၆ ၊ ၂၀၂၄

စံကားအင်းဒေသရှိ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီတပ်မှတပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက ဝါတွင်းကာလဖြစ်သော်လည်း ဘုန်းကြီးကျောင်းမတက်ရဲကြဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ဇူလိုင်လအတွင်း၌တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကယခုထိတိုင် ဘုန်းကြီးကျောင်းထဲတွင် တပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက လပြည့်၊ လကွယ်ရက်များလည်း ဘုန်းကြီးကျောင်းမတက်ရဲကြသေးကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ)ကတိုက်ပွဲဖြစ်ကတည်းကခုထိဘုန်းကြီးကျောင်းမှာပဲနေနေကြတာ၊ အစားအသောက်ကတော့သူတို့ကိုယ်တိုင်ပဲချက်ပြုတ်စားကြတယ်၊ အခုဘုန်းကြီးကျောင်းမှာသူတို့ရှိနေတော့ ဝါတွင်းလပြည့်၊ လကွယ်တောင်မှ ဘုန်းကြီးကျောင်းမတက်ရဲကြသေးဘူး၊ သူတို့ရှိတော့တိုက်ပွဲရုတ်တရက် ထဖြစ်မှာလည်း ကြောက်ရတယ်လေ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် ညဘက်အချိန်တွင် ရုတ်တရက်သေနတ်ထပစ်တတ်သဖြင့် အချို့သောဒေသခံ အဖိုးအဖွားများက လန့်သောကြောင့် ယခုချိန်ထိနေအိမ်ပြန်နေခြင်းမရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ပြေးပြီးပြန်လာစတုန်းကတော့လှန့်တာပေါ့ အခုတော့နေသားကျသွားသလိုဖြစ်ပေမယ့် သတိနဲ့တော့နေနေရတယ်”ဟု ၄င်းကဆက်ပြောသည်၊၊

စံကားအင်းဒေသတွင် ဇူလိုင်လ(၁၉)ရက်နေ့၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ကြောင်းသိရသည်။

#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ

Leave a Reply

Your email address will not be published. Required fields are marked *