ခမ်းသားငေါဝ်း
သြဂုတ် ၂ ၊ ၂၀၂၄

တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုဆက်လက်ဖြစ်ပွားပြီး ဆီပန့်တော်တော်များများ ပိတ်ထားနေရကြောင်း သြဂုတ် ၂ ရက်နေ့ကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ကစတင်ပြီး စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး အချို့စက်သုံးဆီပန့်များပိတ်ထားရကာ ဖွင့်ထားသောဆီပန့် တွင်လည်း ဆီထည့်ရန် အချိန်ကြာမြှင့်စွာတန်းစီစောင့်ဆိုင်းနေရသည်။

” အလုပ်သွားဖို့ ဆိုင်ကယ်ဆီလေးထည့်ဖို့ကို အကြာကြီးတန်းစီရတာ၊ အချို့ဆိုင်တွေက လုံးလုံးကြီးပိတ်ထားတယ်၊ ရတဲ့နေရာ မှာပဲ စုပြုံလာထည့်ရတော့ ကိုယ့်အလှည့်က မရောက်သေးဘူး ဆိုင်ကပိတ်သွားတယ်၊ ဒီနေ့တော့ ဆီမရှိလို့ အလုပ်လည်းမဆင်းနိုင်ဘူး” လို့ ပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီးတွင် ဆီပန့် တော်တော်များများပိတ်ထားပြီး၊ ဖွင့်ထားနိုင်သောဆိုင်တွင်လည်း စက်သုံးဆီမလုံလောက်မှုကြောင့် အချိန်အကန့်သတ်ဖြင့်သာ ဖွင့်ထားနိုင်ကြောင်းသိရသည်။

ဆီဆိုင်ပိုင်ရှင်တစ်ဦးက” ဆီကမှာသလောက်မရတော့ဘူး၊ လုံလောက်မှုမရှိတော့ဘူး၊ နဲနဲရနေသေးတာတောင်ကံကောင်းတယ်လို့ပြောရမယ်၊ ဆီရလာလို့ ဆိုင်ဖွင့်လိုက်ရင် ကားတွေရော ဆိုင်ကယ်တွေရော အပြုံလိုက်လာထည့်ကြတော့ ခနလေးပဲ ဆီကကုန်သွားတယ်၊ ဒီနေ့ဆိုရင် ဆိုင်ကို ၂ နာရီလောက်ပဲဖွင့်ရတယ်” ဟု ခမ်းသားငေါဝ်းကိုပြောသည်။

ယနေ့ BOC ဆီပန့်တွင် 92 တစ်လီတာ ၂၈၇၅ ကျပ်၊ ၉၅ တစ်လီတာကို ၃၀၀၀ ကျပ်ရှိသော်လည်း အချို့ဆီဆိုင်အသေးများတွင် ၉၂ တစ်မျိုးတည်းသာရရှိပြီး တစ်လီတာ ၅၀၀၀ ကျပ်ထိပေးဝယ်ရကြောင်းသိရသည်။

#PPV003
#humanright
#ဆီပြတ်လပ်မှု
#Taunggyi

Leave a Reply

Your email address will not be published. Required fields are marked *