ခမ်းသားငေါဝ်း
သြဂုတ် ၂၊ ၂၀၂၄

စစ်ကောင်စီတပ်က မိုင်းရယ်မြို့ရှိ မီးတပ်ဦးစီးဌာနရုံးမှ ဟိုယ ကျေးရွာအုပ်စု အနီးနားရှိရွာများသို့ လက်နက်ကြီးနှင့်ပစ်ခတ်နေသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြောင်း ဩဂုတ်လ ၂ ရက်နေ့တွင် စုံစမ်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးခရိုင်၊မိုင်းရယ်မြို့တွင် စစ်ကောင်စီက မြို့ပြင် မီးတပ်ရုံးမှ အထိုင်ချပြီး ကိုးကန့်တပ်ရှိမည့်နေရာ ဟိုယကျေးရွာအုပ်စု အနီးနားရှိကျေးရွာများသို့ လက်နက်ကြီးဖြင့် လှန်းပစ်နေကြောင်း သိရသည်။

“မြို့ထဲမှာ SSPP တပ်ဖွဲ့ ကင်းလှည့် လုံခြုံရေးယူထားတာတော့ရှိတယ်။ ဒါပေမဲ့ မြို့ထဲကနေ ဘယ်ကိုပစ်တာလဲ တိတိကျကျမသိပေမဲ့ ဟိုယကျေးရွာထဲမှာ MNDAA တပ်ဖွဲ့များရှိနေတာကြောင့် ဟိုယကျေးရွာရဲ့ အနီးအနားရွာကို လှန်းပစ်တာလို့တော့ ခန့်မှန်းရတယ်။မြို့ထဲ တိုက်ပွဲဖြစ်လာမှာကို အမြဲစိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း MNDAA ဘက်မှ မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ တွင် ဒရုန်းဖြင့် လာပစ်ချခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ပစ်မိန့်မရသဖြင့် ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်း ဒေသခံထံမှသိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်းမိုင်းရယ်မြို့အတွင်း စစ်ကောင်စီတပ် ခလရ-၆၇ ဘက်တွင် လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံထံမှသိရသည်။

မိုင်းရယ်မြို့နယ်အတွင်းတွင် SSPP/SSA အဓိက လှုပ်ရှားနေပြီး ကင်းလှည့်လုံခြုံရေး ယူထားကြောင်း ဒေသခံထံမှ သိရသည်။

photo credit

#PPV0011
#မိုင်းရယ်
#လက်နက်ကြီး
#ရှမ်းမြောက်

Leave a Reply

Your email address will not be published. Required fields are marked *

You missed