ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရွာတစ်ရွာတွင် တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ပြီး နေရပ်ပြန်မလာနိုင်သေးသည့် နေအိမ်ကို PDF ဟုစွပ်စွဲပြီး PNO ပြည်သူ့စစ်ကတစ်အိမ်သိန်းသုံးဆယ်ငွေတောင်းနေကြောင်း သြဂုတ် ၃ ရက်နေ့ကဒေသခံထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု ရွာတစ်ရွာတွင် ဆီဆိုင်တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးတိမ်းရှောင်ခဲ့သည့် နေအိမ် ၁၀ အိမ် ခုထိနေအိမ်မပြန်လာသည့်အတွက် PNO ပြည်သူ့စစ်က တအိမ်သားလုံးPDF ဟုစွပ်စွဲပြီး ဒဏ်ငွေရိုက်ငွေကြေးကောက်ခံနေကြောင်းသိရသည်။

‘’စစ်ရှောင်သွားတဲ့အိမ်က သက်ကြီးရွယ်အိုနဲ့ မိန်းမသားကလေးငယ်တွေပဲရှိတဲ့အိမ်ပဲ၊ ရှင်းပြလည်းမရဘူး၊ သူတို့တောင်းတဲ့ငွေမပေးလို့လည်းမရဘူး မပေးရင်သတ်ပစ်မယ်လို့ရွာသူကြီးကိုခြိမ်းခြောက်တယ်”ဟု ဒေသခံ ရွာသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထိုရွာသည် ကုန်းဆွတ်ကျေးရွာအတွင်းတွင်ရှိပြီး အိမ်ခြေ ၄၀ ကျော်သာရှိကာ အဝေးကို စစ်ရှောင်ပြီး ပြန်မလာနိုင်သေး သည့်နေအိမ် ၁၀ အိမ်အတွက် ဇူလိုင် ၁၂ ရက်နေ့တွင် ရွာသူကြီးက ငွေရှာ ပေးခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်နှင့် မဟာမိတ်တပ်ဖွဲ့တို့ ဆီဆိုင်မြို့ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် တိုက်ပွဲငြိမ်နေပြီဖြစ်သော်လည်း တစ်ချို့စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသူအများအပြားရှိနေသေးကြောင်းသိရသည်။

#ppv002
#humanright
#ကုန်းဆွတ်
#ဆီဆိုင်
#PNO
#ငွေတောင်း

Leave a Reply

Your email address will not be published. Required fields are marked *