ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၄

ယခုရက်ပိုင်းတွင် ပြည်တွင်းရွှေစျေး တဟုန်ထိုးစျေးမြင့်တက်လာပြီး တခြားလူသုံးကုန်ပစ္စည်းများလည်း စျေးမြှင့်တက်လာကာ အခြေခံလူတန်းစားများ၏ဝင်ငွေထက်ကျော်လွန်နေခြင်းကြောင့် ပြည်သူများအခက်အခဲဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်များကြောင့် မြန်မာနိုင်ငံတွင် ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုဖြစ်လာကာ အခြေခံလူသုံးကုန်ပစ္စည်းများလည်း တစ်စတစ်စ မြင့်တက်လာနေသည့်ပြီး ဝင်ငွေနှင့် မညီမျှနေသည့်အတွက်ကြောင့် ပြည်သူများ များစွာအခက်အခဲဖြစ်နေကြကြောင်းသိရသည်။

“စားဝတ်နေရေးအပိုင်းမှာ အရမ်းခက်ခဲတယ် အလုပ်လုပ်ရင်လည်း စရိတ်ငြိမ်းပဲရှာကြတာများတော့တယ် အဲလိုမှစားသောက်ဖို့က ပိုလွယ်ကူမှာ အိမ်ငှားတာနဲ့တင် တော်တော်လေးကိုကုန်ကျစရိတ်များနေပြီ ကုန်စျေးနှုန်းနဲ့ ရတဲ့လစာနဲ့ပြန်ယှဥ်ကြည့်ရင် ဘယ်လိုမှ မကိုက်ညီတော့ဘူး”ဟု တောင်ကြီးမြို့တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ဆီဆားနှင့် ဟင်းသီးဟင်းရွက်များလည်း တစ်စတစ်စစျေးပိုမှိုမြင့်တက်လာသည့်အတွက် ပို၍အခက်အခဲဖြစ်နေရကြောင်းသူကဆက်ပြောသည်။

လက်ရှိပြည်တွင်းရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ရွှေကုန်သည်အသင်းကကျပ်သိန်း ၄၀ ကျော်သာသတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက် ၆၄ သိန်း ၅ သောင်းကျပ်၊ ၁၅ ပဲရည်တကျပ်သားလျှင် ၆၂ သိန်း ၅ သောင်းရှိနေပြီး နိုင်ငံခြားငွေလဲနှုန်းများလည်း ပြင်ပစျေးကွက်တွင် စျေးမြင့်တက်နေကြောင်းသိရသည်။

#PPV008
#လူ့အခွင့်အရေး
#ရွှေဈေး
#လူသုံးကုန်ပစ္စည်းများ
#အခြေခံလူတန်းစားများ
#ပြည်တွင်းရွှေဈေး

Leave a Reply

Your email address will not be published. Required fields are marked *