ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၄

မကွေးတိုင်း သရက်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦး အချိန်နှင့်တပြေးညီဆေးကုသခွင့်မရသဖြင့် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် PPNM မှ ထုတ်ပြန်ထားသည်။

သရက်အကျဥ်းထောင်တွင် ထောင်ဒဏ်(၁၁) နှစ်ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက်(၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သွေးတိုးရောဂါခံစားနေရပြီး အချိန်မှီကုသမှုမရရှိခြင်းကြောင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သေဆုံးသွားသည်။

ဇူလှိုင်လ(၂၆)ရက် ညခင်းအချိန်တွင် အရေးပေါ်ဆေးဝါးကုသပေးရန် ထောင်တာဝန်ခံများထံ နိုင်ငံရေးအကျဉ်းသားများမှ အကူအညီတောင်းခံခဲ့ကြသော်လည်း တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းများမှ အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့ဆောင်၍ ကြည့်ရှု့စစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး(၂၄၀) အောက်သွေး (၁၄၀)အထိ ရှိခဲ့ကြောင်း သိရသည်။

သွေးပေါင်ချိန် အရမ်းတက်လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရမည်ဖြစ်သော်လည်း ညအချိန်ဖြစ်သည်ကို အကြောင်းပြပြီး အဆင့်ဆင့်သတင်းပေးပို့နေရသည်ဟုဆိုကာ အပြင်သို့ လာရောက်ခေါ်ထုတ်ချိန် အချိန်တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး ကိုညီညီ မှာ အချိန်မှီဆေးကုသမှုမရရှိခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း PPNM ကထုတ်ပြန်ထားသည်။

PPV 003
#လူ့အခွင့်အရေး
#မကွေးတိုင်း
#သရက်အကျဥ်းထောင်
#နိုင်ငံရေးအကျဥ်းသား

You missed